မြန်မာနိုင်ငံရှိ ကျွန်းဖြင်တည်ဆောက်ထားသော ကျွန်းကျောင်းကြီး(၆)ကျောင်း

By / 1 week ago / Blog / No Comments
မြန်မာနိုင်ငံရှိ ကျွန်းဖြင်တည်ဆောက်ထားသော ကျွန်းကျောင်းကြီး(၆)ကျောင်း

မြန်မာနိုင်ငံရှိ ကျွန်းဖြင်တည်ဆောက်ထားသော ကျွန်းကျောင်းကြီး(၆)ကျောင်း

(၁) အင်းဝ ဗား ကရာကျောင်း

၁၈၃၄ ခုနှစ်

တိုင်လုံးရေ ၂၆၇

(၂)ပခန်းငယ် ကျောင်းတော်ကြီး

၁၈၆၄ ခုနှစ်

တိုင်အလုံးရေ ၃၃၂ (ရေစကြို)

(၃) ပခန်းကြီး ကျောင်းတော်ကြီး

၁၈၆၈ ခုနှစ်

တိုင်လုံးရေ ၂၅၄ (ရေစကြို)

(၄) မန္တလေး ရွှေနန်းတော် ကျောင်း

၁၈၈ဝ ပြည့်နှစ်

တိုင်လုံး ရေ ၁၅ဝ

(၅) စလေ ရုပ်စုံ ကျောင်း

၁၈၈၂ ခုနှစ်

တိုင်လုံးရေ ၁၅၄

(၆) မန္တလေး ရွှေအင် ပင်ကျောင်း

၁၈၉၅ ခုနှစ်

တိုင်လုံးရေ ၁၆၇ တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျွန်းကျောင်းကြီး (၆)ကျောင်းမှ ရေစကြိုမြို့နယ်အတွင်းရှိ ပခန်းငယ် ကျောင်းတော်ကြီးမှာ ဒုတိယတည်ဆောက်ခဲ့သောကျောင်းဖြစ်ပြီး တိုင်အလုံးရေ(၃၃၂)အများ ဆုံး ဖြစ် သည်။

ပခန်းကြီးကျောင်းတော်ကြီးမှာ တတိယတည်ဆောက်ခဲ့သောကျောင်းဖြစ်ပြီး တိုင်အလုံးရေ(၂၅၄) တတိယအများဆုံးကျောင်းဖြစ်သည်။

 

ပခန်းငယ် ကျောင်းတော်ကြီး (ရေစကြို)

ပခန်းကြီး နယ်နိမိတ် အတွင်း ရှိ ပခန်း ငယ်ရွာ တွင် နှစ် ဧက ကျယ်ဝန်း သော ပခန်းငယ် ကျောင်းတော် ကြီး တည်ရှိ ပါသည်။

ထို ပခန်းငယ် ကျောင်းတော်ကြီး သည် မြန်မာ နိုင်ငံ တွင် အကြီး ဆုံးသော ကုန်းဘောင် ခေတ်နှောင်း ဘုန်းတော်ကြီး ကျောင်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ တိုင်လုံးတွေပဲကျန်ရစ်ခဲ့ပါတော့တယ်။

ပခန်းငယ် ကျောင်းတော် ကြီး ကို မင်းတုန်း မင်း လက်ထက် တွင် ပခန်းမြို့ အား အပိုင်စား ရရှိ သည့် မင်းတုန်း မင်းကြီး၏ ငယ် ဆရာ ဦးဝိသုဒ္ဓ တစ် ဖြစ်လဲ ဦးရန်ဝေး မှ ၁၈၆၄ ခုနှစ် တွင် သူ၏ ငယ် ဆရာတော် အား ရည်စူး ကာ ကျွန်းသား ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ကို ပခန်းငယ် ရွာ တွင် ဆောက်လုပ် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

ဗိသုကာ ပညာရှင် မှာ ပခန်းငယ် ရွာမှ ဦးသာကြီး ဖြစ် သည်။

ကျောင်းကြီး ပြီးစီးရန် ခုနစ်နှစ် ကြာမြင့် သည်ဟု သိရပါတယ်။

ကျောင်းတော် ကြီး ၏ အမြင့် မှာ ၇ဝ ပေ (၂၁ မီတာ) ခန့် ရှိသည်။

ကျွန်း တိုင်ကြီး များသည် ပေ ၂ဝ မှ ပေ ၆ဝ (၆ မီတာ မှ ၁၈ မီတာ) ခန့် အထိ မြင့်မား သည်။

တိုင်လုံး ပတ် မှာ ၆ ပေ ၄ လက်မ မှ ၆ ပေ ၈ လက်မ (၂ မီတာ) အထိ ရှိသည်။

ဤ ကျောင်းတော်ကြီး တွင် စာသင် သား ရဟန်း သံဃာ တော် အပါး ၆ဝ ခန့် သီတင်း သုံး ခဲ့သည်။

ကျောင်းဦး ပြာသာဒ်၊ အဆောင်မ နှင့် ဘောဂ ဆောင် ဟူ ၍ အဓိက အဆောင် ကြီး သုံးခု ရှိခဲ့ သည်။

ကျောင်းဦး ပြာသာဒ် တွင် ပလ္လင် တော် တစ်ခု ပါရှိ ခဲ့သည်။

ပြာသာဒ် ဘုံ မြှင့်တင် ထားသည် ဟု ဆို သည်။

နံရံများ ပေါ်တွင် သစ်သား ပန်းပု များ ရှိခဲ့ကြ သည်။

အဆောင် မကြီးမှာ သုံးဆင့် လည်ပေါ် မိုး ဖြစ်ခဲ့ သည်။

မြေပြင် မှ ကျောင်းတော်ကြီး ကြမ်းခင်း အထိ ၁ဝ ပေ (၃ မီတာ) ခန့် မြင့် သည်။

ကြမ်းခင်း ပျဉ်ပြား ကြီးများ မှာ ထု တစ်လက်မ ခွဲ (၄ စင်တီမီတာ) နှင့် ဗြက် ၁၂ လက်မ (၃ဝ စင်တီမီတာ) ခန့် ရှိသည်။

ခါးပန်း တွင် ဆွဲသည့် သံမှို မယ်န ကြီးများ မှာ ၆ လက်မ (၁၅ စင်တီမီတာ) ခန့် အဝန်း ရှိသည်။

တိုင်အလုံးရေမှာ (၃၃၂)ရှိသည်။

ယနေ့ ခေတ် ကာလ ၌ ရာသီဥတု ဒဏ်၊ လူတို့ ဒဏ်ကြောင့် ပျက်စီး ယိုယွင်း နေပြီး ကျောင်းကြီး ၏ အရှေ့ဘက် တွင် တစ်ခု၊ အနောက် ဘက် တွင် တစ်ခု၊ မြောက်ဘက် တွင် သုံးခု နှင့် တောင်ဘက် တွင် သုံးခု ဟူ၍ အုတ်လှေ ခါးကြီး ရှစ်စင်း သာ တွေ့မြင် နိုင်တော့ သည်။

တိုင်လုံးကြီး တချို့ လည်း ရှိနေ သေး သည်။

ကျောင်းတော် ကြီး သည် ချင်းတွင်း မြစ်ကမ်း နဖူး တွင် တည်ရှိ သောကြောင့် ရေလွှမ်း မိုးမှု ဒဏ် က အဓိက ပျက်စီး စေသော အကြောင်း အရင်း လည်း ဖြစ်သည်ဟု ဆိုကြပါတယ်။

အခုတော့ အခွံသာသာ သာကျန်ရှိနေတော့သည်။

စစ်ကိုင်းမြို့ အရိယ၀ံသချောင်မှ “ရုပ်စုံကျောင်း”

“အရိယာဝံသချောင်” ဟူသည် ဒီချောင်မှာ သီတင်းသုံးခဲ့တဲ့ ရှင်အရိယာဝံသ ကိုယ်တော်ကို အစွဲပြု၍ “အရိယာဝံသချောင်” ဟူ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။

“ရုပ်စုံကျောင်း” ဟူသည် ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ် ဇာတ်ရုပ်တွေကို စုံလင်စွာ ထည့်သွင်း တည်ဆောက်ထားတဲ့အတွက်ကြောင့် “ရုပ်စုံကျောင်း” လို့လည်း အမည်တွင်ပါတယ်။

“ရုပ်စုံကျောင်း” ရဲ့သက်တမ်းဟာလည်း သက်တမ်းအားဖြင့် နှစ်ပေါင်း(၇၀၀)နီးပါးခန့် ရှိသွားပါပြီ။

အင်းဝခေတ် ရေငုံဆရာတော်ကြီးထံမှာ စာပေသင်အံနေတဲ့ “ရှင်အရိယာဝံသ” ကိုယ်တော် ရဲ့စာပေကျမ်းဂန် တတ်မြောက်မှုကို ကြည်ညိုတဲ့အနေနဲ့ အင်းဝဘုရင် “ဒုတိယမင်းခေါင်” က ကျောင်းဆောက်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

ရုပ်စုံကျောင်းရဲ့ တည်နေရာကတော့ “စစ်ကိုင်းတောင်ဆင်းလမ်း၊ အရိယ၀ံသချောင်”မှာ တည်ရှိပါတယ်။

“သွားရောက်လည်ပတ်မယ်ဆိုရင်တော့ အမှိုက်များကို စည်းကမ်းရှိရှိ စွန့်ပစ်ပေးကြရန်နှင့် ရှေးဟောင်းအမွေအနှစ်များ မပျက်စီးအောင် ၀ိုင်းဝန်းကူညီပေးကြရန် တောင်းဆိုအပ်ပါတယ်ခဗျာ”။

ဗားကရာကျောင်း

စတုတ္ထအင်းဝမြို့တည် ဘကြီးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ခုနှစ်တွင် ဆောက်လုပ်ခဲ့တယ်။

သစ်သားကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း (၂၆၇)လုံးပါရှိပါတယ်။

အကြီးဆုံးကျွန်းတိုင်ရဲ့လုံးပတ်ဟာ (၉)ပေရှိပြီး အမြင့် (၆၀)ပေရှိပါတယ်။

ဗားကရာကျောင်းမှာ အကျယ်အဝန်းအားဖြင့် အလျား(၁၈၈)ပေ အနံ(၁၀၃)ပေ ရှိသော သစ်သားကျောင်းကြီးဖြစ်တယ်။

ကျောင်းတော်ကြီး၏ ဘေးပတ်ပတ်လည်တွင် အုတ်လှေကား၅စင်း တပ်ဆင်ထားပါတယ်။

ယခုခေတ်၌ တွေ့မြင်ရန် အလွန်ရှားပါးသွားပြီဖြစ်သော ရှေးဟောင်းမြန်မာ့ဗိသုကာ သစ်ထွင်းပန်းပုလက်ရာ အနုပညာအမွေအနှစ်များစွာကိုလည်း လေ့လာနိုင်တဲ့ သစ်သားကျောင်းတော်ကြီးပါ။

ရတနာပုံခေတ် အမွေအနှစ် ရွှေကျောင်း(၀ါ) သမိုင်းထဲမှ မန္တလေး ရွှေကျောင်း

မန္တလေးမြို့ရှိ ရွှေကျောင်းခေါ် ရွှေနန်းတော်ကျောင်းသည် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်တွင် တည်ရှိပြီး အရှေ့ဘက်တွင် ၆၂ လမ်းနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊အနောက်ဘက်တွင် အတုမရှိကျောင်းနှင့်မြောက်ဘက်တွင် ကုသိုလ်တော်ဘုရားရှိသည်။

မန္တလေးအရှေ့ပြင်၊ ကုသိုလ်တော် လောကမာရဇိန်ဘုရားအနီး၊ မဟာအတုလဝေယံကျောင်းတော်၏ အရှေ့ထိပ်တွင် ဆောက်လုပ်ထားသည့် ရွှေကျောင်းကြီးအား အဝေးမှကြည့်လျှင် မှိုင်းညို့နေပေသည်။

ရွှေကျောင်းကြီးသည် စစ်ဒဏ်မခံခဲ့ရသည့် တစ်ခုတည်းသော နန်းတွင်းရှေးဟောင်းသစ်သားအဆောက်အအုံဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များက မန္တလေးနန်းတော်ဝင်းကို ဗုံးများကြဲခဲ့ရာ နန်းတွင်းရှိ အဆောက်အအုံများ မီးလောင် ပျက်စီးခဲ့ချိန်တွင် နန်းမြို့အပြင်သို့ပြောင်းရွှေ့ထားခဲ့သည့် ရွှေကျောင်းသည် မီးမလောင်ဘဲကျန်ရှိခဲ့သည်။

ရွှေကျောင်းသည် မူလက ဘုန်းတော်ကြီးကျောင်းမဟုတ်ဘဲ နန်းတွင်းအဆောက်အဦတစ်ခုဖြစ်ခဲ့သည်။

မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သားတော်သီပေါမင်းက နန်းမြို့အပြင်သို့ပြောင်းရွှေ့ကာ ပြန်လည်ဆောက်လုပ်ပြီး ရဟန်းတော်များ သီတင်းသုံး ရန် လှူဒါန်း ခဲ့သဖြင့် နန်းတော်ဟောင်းမှ ဘုန်းတော်ကြီးကျောင်း ဖြစ်လာခဲ့သည်။

မူလတည်ဆောက်စဉ်က ကျောင်းကြီး၏ အတွင်း အပြင်အား ရွှေပိန်းများချထားသဖြင့် ရွှေကျောင်းကြီးဟု ထင်ရှားခဲ့သည်။

ယခုအခါတွင် ရွှေများကွာကျခဲ့သည့် ကျောင်းကြီးကို ရေနံ စိမ်းများသုတ်ထားသဖြင့် ရွှေရောင်များကို မမြင်တွေ့ရတော့ပါချေ။

ကုန်းဘောင်မင်းဆက် ၁၀ ဆက်မြောက်ဘုရင် မင်းတုန်းမင်း(ခရစ်နှစ် ၁၈၅၃-၁၈၇၈)သည် နန်းမြို့အတွင်း မှန်နန်းဆောင် ၏ မြောက်ဘက်တွင် ရွှေနန်းတော်ကို တည်ဆောက်ကာ နတ်ရွာမစံမီအထိ စံမြန်းခဲ့သည်။

ပြန်လည်တည်ဆောက်ထားသော မန္တလေး နန်းတွင်းအဆောက်အအုံများအနက် လက်ဘက်ရည်ဆောင်၏ အနောက်ဘက်ရှိ မြေကွက်လပ်သည် မူလက ရွှေနန်းတော် ဆောင်တည်ရှိခဲ့သောနေရာဖြစ်သည်။

၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် မင်းတုန်းမင်း နတ်ရွာစံခဲ့ပြီးနောက် သားတော်သီပေါမင်းက ခမည်းတော် စံမြန်းခဲ့သည့် ရွှေနန်းတော်အဆောက်အအုံကို နန်းမြို့ အပြင်ဘက်၊ မန္တလေးတောင်ခြေရှိ မဟာအတုလ၀ိဇယရာမ၊ မဟာအတုမရှိ ကျောင်းအနီးသို့ မူလပုံစံ မပျက်ပြောင်းရွှေ့ခဲ့သည်။

စတင်ရွှေ့ပြောင်းခဲ့ချိန်မှပြန်လည်ဆောက်လုပ်ပြီးစီးချိန်အထိ ငါးနှစ် ကြာမြင့်ခဲ့ ကာ ထိုစဉ်က ငွေ ကျပ် ၁၂ဝဝဝဝ ကုန်ကျခဲ့သည်။

သီပေါမင်းသည် ယင်းအဆောက်အအုံကို ၁၈၈၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် သံဃာတော်များအား ရေစက်ချ လှူဒါန်းခဲ့ရာ ပခန်းကြီး သာသနာပိုင် နန္ဒဘိဓဇပတိ သီရိပဝရ မဟာဓမ္မရာဇာ ဓိရာဇဂုရု တံဆိပ်တော်ရ ဦးနန္ဒက ရွှေကျောင်းကြီးကို ဆက်ခံကာ ပထမဆုံးသီတင်းသုံးခဲ့သည်။

ရွှေကျောင်း တည်ဆောက်ခဲ့ပုံ စနစ်

ရွှေကျောင်းသည် အလျား ၁၁၆ ပေ၊အနံ ၇၁ ပေနှင့် မြေပြင်မှကြမ်းခင်းသို့ အမြင့် ၁၀ ပေရှိ၍ အမိုးသုံးဆင့်၊ လည် ပေါ်နှစ် ထပ်၊ စမြင်ပါသော ဇေတ၀န်ဆောင်ဖြစ်သည်။

ရွှေကျောင်းတော်တွင် သရက်ကင်း လှေကားငါးစင်းရှိပြီး အရှေ့ဘက်ထိပ် တွင် တစ်ခု၊တောင်ဘက်နှင့်မြောက်ဘက်တွင် နှစ်ခုစီရှိသည့်အနက် အရှေ့ဘက်လှေကားသည် မူလလက်ရာဖြစ်သည်ဟုဆိုပါသည်။

ရွှေကျောင်းတည်ဆောက်ထားပုံတွင် အရှေ့အနောက်တန်းနေသည့် တိုင် ၁၅ လုံးတန်း ၁ဝ ခု ပါရှိသဖြင့် တိုင် အရေ အတွက် ၁၅ဝ ရှိသည်။

ကျောင်းတော်ကြီး၏ အပြင်ပတ်လည်ရှိ လုံးပတ်သုံးပေ ခုနစ်လက်မရှိသော ကျွန်းတိုင် ၃၆ လုံးပေါ်၌ ငါးပေ လေး လက်မ မြင့်သော နယားတစ်ကောင်စီတပ်ဆင်ထားပြီး ထောင့်လေးထောင့်ရှိ တိုင်လေးတိုင်တွင် တစ်တိုင်လျှင် နယား သုံး ကောင်စီ တပ်ဆင်ထားသည်။

တိုင်များ၏အောက်ခြေတွင် တိုင်များ မဆွေးမြေ့စေရန် စကျင်ကျောက်ကို အောက်ခံခုံလုံးပြုလုပ်ထားပြီး အပြင်စင်္ကြံ ပတ် လမ်း တစ်လျောက်ရှိ တိုင်များအား မိုးဒဏ်ရေဒဏ်မှကာကွယ်နိုင်ရန် ခေါင်းလောင်းပုံစကျင်ကျောက်များဖြင့် အုပ်ထားသည်။

ကျောင်း ကြီးကို ရတနာပုံခေတ်လက်မှုပညာ သစ်သားအပြောက် အမွမ်းပန်းများစွာဖြင့်တန်ဆာဆင် တည်ဆောက်ခဲ့သည်။

ကျောင်းဆောင်ပတ်လည် ကြမ်းခင်းကိုနှစ်လက်မထူသည့် ကျွန်းပြားကြီးများခင်းထားပြီး တံခါးပေါက်များတွင်သံကိုအသုံး မပြုဘဲ သစ်သား စရွေးစွပ် တံခါးများ တပ်ဆင်ကာ နတ်ရုပ်၊ သိကြားရုပ်စသော ပန်းပုလက်ရာများကို ထုလုပ်ထားသည်။

ကျောင်း တော်ကြီး၏ နံရံ အတွင်းအပြင်ပတ်လည်ကို ပန်းများ၊ ရုပ်လုံးရုပ်ကြွများ၊ နတ်ရုပ်၊ ဇော်ဂျီ၊ဝန်ကြီး၊ မင်းသား၊ ဘီလူး၊ သူငယ်တော်၊ လူပျံ၊ ဒေါင်းရုပ်စသည့် ပန်းပုလက်ရာများဖြင့် အလှဆင်ခဲ့သည်။

ပန်းပုရုပ်များသည် အလွန်လက်ရာမြောက်ကာ ပြုံးနေပုံ၊ မဲ့နေပုံ၊ ပျော်နေပုံစသည်ဖြင့် စိတ်ခံစားချက်များကို ဖော်ညွှန်းနေပေသည်။

ရွှေကျောင်းကြီး၏ အရှေ့ဘက်မာရဘင်ကို မြန်မာမှုလက်ရာစစ်စစ် တည်ဆောက်ခဲ့သော်လည်း အနောက်မာရဘင်တွင် အနောက်တိုင်းဟန်အချို့ကို တွေ့မြင်ကြရသည်။

အနောက်မာရဘင်အတွင်းခန်းကို ကာရံထားသည့် လက်ရန်းတိုင် အနိမ့်များကို သံများဖြင့်ပြုလုပ်ထားသည်ကိုမြင်ကြရသကဲ့သို့အနောက်မာရဘင်တွင် ထားရှိသည့် စာတိုက်ဗီဒိုများတွင် အနောက်တိုင်း လက်ရာဟန် အရုပ်များကို မြင်တွေ့ကြရပေသည်။

အရှေ့ဘက်သို့ မျက်နှာမူထားသည့် ထိုင်တော်မူရုပ်ပွားတော်အနောက်ဘက်ရှိ မာရဘင်ခန်းဆီးနံရံတစ်လျောက်နှင့်ပလ္လင် တော်ပတ်လည်ရှိ ကွန်းစင်တိုင်များတွင် ဗုဒ္ဓဘုရားရှင်၏ ဖြစ်တော်စဉ် ဇာတ်ကြီး ၁၀ ဘွဲ့ဖြစ်သည့် တေမိဇာတ်၊ မဟာဇနက ဇာတ်၊ သုဝဏ္ဏ သာမဇာတ်၊ နေမိဇာတ်၊ မဟော်သဓဇာတ်၊ ဘူရိဒတ်ဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ်၊ ဝိဓူရဇာတ်၊ ဝေသန္တရာ ဇာတ် တော်တို့နှင့် ဥတေနဇာတ်၊ စူဠပဒုမဇာတ်တို့မှ ဇာတ်ကွက် အချို့နှင့်တောထွက်ခန်းတို့ကို ပန်းနွယ်၊ပန်းခက်များဖြင့် လက်ရာမြောက် စွာထုလုပ်ထားသည်။

ရွှေနန်းတော်ကျောင်းအတွင်းပိုင်းကို ရွေပိန်းချတိုင်များ၊ မျက်နှာကြက်ပန်းများ၊ လင်းနို့တောင်အမွမ်းပန်းများဖြင့် တန်ဆာဆင် ထားကာ အပြင်နံရံနှင့်စင်္ကြံပတ်လမ်းတွင်ဥဒေါင်း၊ယုန်၊ဟင်္သာ၊ကျေး၊ခြင်္သေ့၊ဆင်၊သိကြား၊ဗြဟ္မာ၊ဇော်ဂျီ၊လူပျံတော်၊လောကနတ်၊ဘီလူး၊နဂါး၊နယား၊ဂဠုန်၊ကိန္နရီ၊ကိန္နရာစသည်တို့ကို ကနုတ်ပန်းများဖြင့်အနုစိတ်ထွင်းထုထားသည်။

ကြာရိုးကြာနွယ်များရံထားသည့် လောကပါလနတ်မင်းကြီး လေးပါးနှင့် နတ်ရုပ်များကိုလည်း တွေ့ရှိနိုင်ပေသည်။

ရွှေနန်းတော်ကျောင်းသည် မူလတည်ဆောက်ခဲ့စဉ်က ဘုန်းတော်ကြီးမဟုတ်သဖြင့် ပြာသာဒ်ဆောင်နှင့်ဘောဂဆောင် မပါ ရှိဘဲ နန်းဆောင်နှင့် စနုဆောင်တို့ကိုသာ ဆောက်လုပ်ခဲ့သည်။

စနုဆောင်ကို ကျွန်းတိုင် ၂၄ တိုင်ဖြင့် အမိုးသုံးထပ်ဆောက်လုပ်ထား ကာ မှန်ကင်း၊စုလစ်၊ စိန်တောင်များဖြင့် တန်ဆာဆင်ခဲ့သည်။

ရွှေကျောင်းကို မွမ်းမံထားသည့် ပန်းပုရုပ်များသည် အရှေ့ဘက်နံရံတွင် ၁၄၂ ရုပ်၊အနောက်ဘက်နံရံတွင် ၁၄၈ ရုပ်၊ တောင် ဘက်နံရံတွင်၂၅၃ ရုပ်နှင့် မြောက်ဘက်နံရံတွင်၂၄၇ ရုပ်ရှိသည်။

ထို့အပြင် မာရဘင်ပေါ်တွင် ၁၆၆ ရုပ်၊လည်ပေါ်တွင် ကဒေါင်း ရုပ် ၄၇၃ ရုပ်၊အတွင်းမျက်နှာကြက်၌ ၁၈၄ ရုပ်၊ခါးပန်းတွင် ၁၂၉ ရုပ်နှင့် သရက်ကင်းလှေကား နှစ်ဖက်ပိတ်တံခါးတွင် ခုနစ်ရုပ်ရှိသဖြင့် ရွှေကျောင်းတစ်ခုလုံးတွင် ပန်းပုရုပ် ၁၇၄၉ ရုပ် ရှိသည်။

သက်တမ်းကြာရှည်လာပြီဖြစ်သည့် ရွှေကျောင်းကြီးအား ရေရှည်တည်တံ့စေရန် အမေရိကန်အစိုးရ၊ သံအမတ်ကြီးများ၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးရံပုံငွေဖြင့်၂၀၁၄ ခုနှစ်မှ စတင်ကာ ကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ နေပေသည်။

၁၈၇၈ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် နန်းတက်ခဲ့သည့် ကုန်းဘောင်ဆက်၏ နောက်ဆုံးဘုရင်သီပေါမင်းသည် ခမည်း တော် မင်းတုန်းမင်း၏ ရွှေနန်းတော်ကို လက်ရှိတည်ရှိနေသည့် နေရာသို့ပြောင်းရွှေ့တည်ဆောက်ပြီး ၁၈၈၃ ခုနှစ် အောက်တို ဘာလ ၃၁ ရက်တွင် ရေစက်သွန်းချလှူဒါန်းခဲ့သဖြင့် ရွှေနန်းတော်ကျောင်းကြီး၏ သက်တမ်းသည် ၁၃၅ နှစ် ပြည့်မြောက်တော့မည် ဖြစ်ပေသည်။

ရတနာပုံခေတ်၏ အမွေအနှစ် တစ်ခုဖြစ်သော မြန်မာမှုလက်ရာ ရွှေကျောင်းတော်ကြီးသို့ ပြည်တွင်းပြည်ပ ခရီးသည်များ နေ့စဉ် လာရောက်လည်ပတ်လျက်ရှိနေကြသည်။

ရွှေကျောင်းသည် ရိုးရာယဉ်ကျေးမှုအနုလက်ရာများ တစ်စုတစ်စည်းတည်း တည် ရှိနေသည့် သစ်သားကျောင်းတော်ကြီးတစ်ခုဖြစ်သည်အားလျော်စွာ ကျောင်းတော်ကြီး သက်တမ်းရှည်ကြာစွာရပ်တည်နေစေရန် ပြည်သူအားလုံးက မြန်မာ့အမွေအနှစ်များအပေါ် မြတ်နိုးတန်ဘိုးထားလျက် ၀ိုင်းဝန်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရမည်သာ ဖြစ်ပါပေသည်။

ကိုလိုနီခေတ်ဦးရွှေအင်ပင်ကျောင်း(မန္တလေး)

မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ကိုလိုနီခေတ်ဦးတွင် တည်ဆောက်ခဲ့သည့် ထင်ရှားသောသစ်သားဘုန်းတော်ကြီးကျောင်းများအနက် မန္တလေးမြို့ရှိ ရွှေအင်ပင်ကျောင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။

ရွှေအင်ပင်သစ်သားကျောင်းကို ကိုလိုနီခေတ်တွင်တည်ဆောက်ခဲ့သော်လည်း ရတနာပုံခေတ် လက်ရာများဖြင့် မွမ်းမံခဲ့သည်။

မှန်နန်းရာဇ၀င်တွင် အနော်ရထာမင်းသည် ဖခင်ကြောင်ဖြူမင်းအတွက် မထီးကျောင်းကို သက္ကရာဇ် ၃၂၉ ခုနှစ်တွင် တည် ဆောက်ခဲ့သည်ဟုလည်းကောင်း၊ ရှင်အရဟံအတွက် အာရညကင်ရသောအရပ်၌ရတနာအတိပြီးသောကျောင်းကို ဆောက်လုပ်ခဲ့ သည်ဟုလည်းကောင်း ရေးသားထားသဖြင့် မြန်မာနိုင်ငံသမိုင်းတွင် ရဟန်းသံဃာများသီတင်းသုံးနေထိုင်ရန် ဘုန်းတော်ကြီးကျောင်းများကို ပုဂံခေတ်၌ စတင်ဆောက်လုပ်ခဲ့ကြောင်းယူဆရပေသည်။

မြန်မာဘုန်းတော်ကြီးကျောင်းများကို ကျောက်၊အုတ်၊သစ်တို့ဖြင့် တည်ဆောက်ခဲ့ကြရာတွင် သစ်သားအဆောက်အအုံများသည် ရာသီဥတုဒဏ်၊ အင်းဆက်ပိုးမွှားဒဏ်၊မီးဘေးဒဏ်၊ စစ်ဘေးဒဏ်စသည့်ထိခိုက်မှုအမျိုးမျိုးကြောင့် သက်တမ်းရှည်ကြာမှု နည်းပါးခဲ့သည်။

သို့တိုင်အောင် သက်တမ်းနှစ် ၁၀၀ ကျော်ပြီဖြစ်သည့် ရှေးဟောင်းသစ်သားအဆောက်အအုံများကို မြန်မာနိုင်ငံအတွင်း ယနေ့တိုင် တွေ့မြင်ကြရသည့်အနက် ကုန်းဘောင်ခေတ်နှောင်းပိုင်းနှင့် ရတနာပုံခေတ်လက်ရာ သစ်သားအဆောက်အအုံဘုန်းကြီးကျောင်းများကို မန္တလေးမြို့အပါအ၀င် နေရာဒေသအချို့တွင် ယနေ့တိုင် ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံအနှံ့ ကျေးလက်တောရွာများတွင် အများအားဖြင့် ကျွန်းတိုင်လုံးပေါင်း ၁၀၀ ၀န်းကျင်ဖြင့် ဘုန်းတော်ကြီးကျောင်းများကို တည်ဆောက်ခဲ့ကြရာ ယင်းတို့ကို တိုင်တစ်ရာ ကျောင်းများအဖြစ် ယနေ့တိုင်မြင်တွေ့နိုင်ကြသည်။

ကုန်းဘောင်ခေတ် ဘုန်းကြီးကျောင်းများ မြန်မာ့သမိုင်းတွင် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်မှု ခိုင်မာနေပြီဖြစ်သည့် ကုန်းဘောင်ခေတ်တွင် တည်ဆောက်ခဲ့သည့် သစ်သားဘုန်းကြီးကျောင်းများကို မန္တလေး၊ အင်းဝ၊စစ်ကိုင်း၊ စလေ၊ စလင်း စသည့် မြို့နယ်များတွင် အများဆုံးတွေ့ရှိရသည်။

ယင်းတို့အနက် မန္တလေးမြို့ရှိ ရွှေကျောင်း၊ ဓမ္မိကာရာမရွှေကျင်တိုက်၊ သင်္ဂဇာကျောင်း၊ သာက၀န်ကျောင်း၊မြတောင်ကျောင်း၊မင်းထင်ကျောင်းတို့သည် အထူးတင်ရှားခဲ့ကြသည်။

ရွှေအင်ပင်ကျောင်းကိုမူ ကိုလိုနီခေတ်ဦးတွင်တည်ဆောက်ခဲ့သည်။

ကုန်းဘောင်ခေတ်အတွင်း အလောင်းမင်းတရား ဦးအောင်ဇေယျ၊ နောင်တော်ကြီးမင်း၊ မြေဒူးမင်း၊ ဗဒုံမင်း၊ ဘကြီးတော်စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့သည် ဘုန်းတော်ကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ကြ ကြောင်း ကုန်းဘောင်ဆက်မဟာရာဇ၀င်ကြီးစာအုပ်တွင် ဖော်ပြထားသော်လည်း ယခုအချိန်တွင်ရတနာပုံခေတ်လက်ရာကျောင်းများသာကျန်ရှိတော့ပေသည်။

မင်းတုန်းနှင့်သီပေါမင်းနှစ်ပါးနန်းစံခဲ့သည့် ရတနာပုံခေတ်တွင် မန္တလေးမြို့၌ ဘုန်းကြီးကျောင်း ၅၅ ကျောင်းဆောက်လုပ်ခဲ့ပြီးမင်းတုန်းမင်းသည် မန္တလေးမြို့၏ အရပ်လေးမျက်နှာတွင် ဘုန်းတော်ကြီးကျောင်းများကို နေရာချထားခဲ့သည်။

သို့သော် နှစ်ပေါင်း ၁၅၀ကျော်ခဲ့ပြီဖြစ်သည့် ယခုအချိန်တွင် ယင်းကျောင်းတိုက်များသည် အနည်းငယ်သာကျန်ရှိတော့ရာ ရွှေကျောင်းနှင့် ရွှေအင်ပင်ကျောင်းတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

ရွှေအင်ပင်၏ နောက်ခံ မန္တလေးမြို့တွင် ယနေ့တိုင်ကျန်ရှိနေသည့် ရှေးဟောင်းသစ်သားဘုန်းတော်ကြီးကျောင်းများအနက် ရွှေကျောင်းသည် မန္တလေးတောင်ခြေတွင် တည်ရှိ၍ ရွှေအင်ပင်ကျောင်းသည် မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက် ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ၈၉ လမ်း အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။

ရွှေကျောင်းသည် မင်းတုန်းမင်း၏ နန်းဆောင်ကို နေရာရွှေ့ပြောင်း၍ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲတည်ဆောက် ခဲ့သဖြင့် ဘုန်းကြီးကျောင်းအဆောင်များမပြည့်စုံသော်လည်း ရွှေအင်ပင်ကျောင်းကိုမူ ဘုန်းကြီးကျောင်းအဖြစ် ရည်ရွယ်တည်ဆောက်ခဲ့သဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း၏ အင်္ဂါရပ်များ ပြည့်စုံစွာ ပါရှိခဲ့သည်။

ရွှေအင်ပင်ကျောင်းကို တရုတ်လူမျိုးသူဌေး ဦးစက်ရွှင်နှင့်ဇနီး ဒေါ်ဘွားတို့က သီပေါမင်းပါတော်မူပြီး ၁၀ နှစ်အကြာ ခရစ် နှစ် ၁၈၉၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၅၇ ခုနှစ်) တွင် တိပိဋကဓရ ရွှေအင်ပင် ဆရာတော် ဦးဇ၀နဓဇ သီတင်းသုံးရန် ဆောက်လုပ်လှူဒါန်းခဲ့သည်။

ဒေါ်ဘွားသည် ပုဂံမင်းနှင့်တောင်ဆောင်တော်မိဖုရား ရမည်းသင်းမြို့စား၏မောင်တော် မောင်မောင်ကြီး၏ သမီးဖြစ်သည်။

ရွှေအင်ပင်ကျောင်းဒကာ ဦးစက်ရွှင်၏ အတ္ထုပ္ပတ္တိကျောက်စာကို ကျောင်းတိုက်၏ အနောက်မြောက်ထောင့်တွင်စိုက်ထူထားပြီး ကျောင်းကြီး၏ အနောက်မြောက်ထောင့်တွင် ကျောင်းအလှူရှင် မိသားစု အချို့၏ အုတ်ဂူများတည်ရှိသည်။

အလှူရှင်ကမ္ဗည်း ကျောက်စာအရ ဦးစက်ရွှင်သည် တရုတ်ပြည်၊ယုနန်ပြည်နယ်၊ ထိန်ရင်းခေါ်မိုးမြင့်မြို့ကြီး စီရင်စု၊ယိလော ရွာ ဇာတိဖြစ်ကာ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် ကဆုန်လဆန်း ၆ ရက် (ခရစ်နှစ်၁၈၅၂ ခုနှစ်၊ဧပြီလ ၂၃ ရက်) တွင်ဖွားမြင်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်၊ အသက် ခုနစ်နှစ် အရွယ်တွင် အဘ၊ ဘထွေးတို့နှင့် အတူဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်။

ဦးစက်ရွှင် အသက် ၁၄ နှစ်အရွယ်တွင် အဘနှင့်ဘထွေးတို့ ကွယ်လွန်ခဲ့ပြီးနောက်ဗန်းမော်မှ မန္တလေးသို့ကူးသန်းရောင်း ၀ယ်ရန် ရောက်ရှိလာခဲ့ကာ မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် မြန်မာမင်းမျိုးမင်းနွယ် ဒေါ်ဘွားနှင့် အိမ်ထောင်ပြုခဲ့သည်။

ဦးစက်ရွှင်သည် ကျောက်စိမ်းလုပ်ငန်းနှင့် ကြက်ပေါင်စေးလုပ်ငန်းတို့ကိုလုပ်ကိုင်ကာ ကြွယ်ဝချမ်းသာလာခဲ့သည်။၁၂၄၇ ခုနှစ်တွင် ကလုံခေါ်အရပ်တွင် သစ်စက်တည်ထောင်ဖွင့်လှစ်၍ကူးသန်းရောင်းဝယ်ခဲ့သည်။

၁၂၅၁ ခုနှစ်တွင် သားသုံးယောက်ကိုရှင်သာမဏေပြုခဲ့ပြီး ၁၂၅၇ ခုနှစ်တွင် မန္တလေးမြို့၊ ဒေးဝန်းအရပ်ရှိ ဥယျာဉ်ကို ၀ယ်ယူ၍ ရွှေအင်ပင်ကျောင်းတော်ကြီးကို တည်ဆောက်ကာဇရပ်၊ သိမ်၊တန်ဆောင်းတို့နှင့်တကွ ရွှေအင်ပင်ဆရာတော်ကို လှူဒါန်းခဲ့သည်။

ဦးစက်ရွှင်သည်မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ် တပေါင်းလဆုတ် ၅ ရက်(ခရစ်နှစ် ၁၉၁၇ ခုနှစ် မတ်လ ၁၂ ရက်) တနင်္လာနေ့တွင် ကွယ်လွန်ခဲ့ကာ ၁၂၇၈ခုနှစ်နှောင်းတန်ခူးလဆန်း၁ရက်တွင်အုတ်ဂူသွင်းခဲ့ကြောင်းရေးထိုးထားသည့်ကမ္ဗည်းကျောက်စာကို၁၂၇၉ခုနှစ်နှောင်းတန်ခူးလပြည့်နေ့၊အင်္ဂါနေ့တွင်စိုက်ထူခဲ့သည်။

ရွှေအင်ပင်ကျောင်း

ရွှေပိန်းချကျောင်းများကို ပြာသာဒ်၊ မှန်ကင်း၊ စလစ်၊ စိန်တောင်၊ ၊ အရုပ်များ၊ ပန်းများ၊ ပန်းပုရုပ်များဖြင့် မွမ်းမံတည်ဆောက်လေ့ရှိကြသဖြင့် ငွေကုန်ကျမှု အလွန်များပြားသောကြောင့် မင်းမိဖုရား၊ တော်ဝင်မိသားစုများကသာ ဆောက်လုပ်လေ့ရှိကြသည်။

ငွေကြေးများစွာသုံးစွဲနိုင်သော်လည်း သူဌေးသူကြွယ်များသည်ဘုရင်လှူဒါန်းသည့် ကျောင်းများကဲ့သို့ အလွန် ခမ်း နားစွာ တည်ဆောက်ခွင့်မရှိချေ။

ထို့ကြောင့် သူဌေးအလှူတော် ရွှေအင်ပင်ကျောင်းသည် သီပေါဘုရင့်အလှူတော် ရွှေကျောင်းကို မမီခဲ့ချေ။

သို့သော် ရွှေအင်ပင်ကျောင်းတွင် ရွှေကျောင်းပြီးလျှင် မြန်မာမှုလက်ရာ ပန်းပုရုပ်များ အများဆုံး တပ်ဆင်ထားကာ မြန်မာမှု ၊မြန်မာ့ဟန် အမွှမ်းအပြောက်များကို မြင်တွေ့နိုင်ကြသည်။

ကျောင်း၏ တံခါးရွက်များ၊ပြာသာဒ်များ၊ ၀ရန်တာများ၊ဘုရားဆောင်များကို လက်ရာမြောက်စွာအလှဆင်ခဲ့သည်။

ရွှေအင်ပင်ကျောင်းကြီးကို တိုင်လုံးပေါင်း ၁၅၄ တိုင်စိုက်ထူ ဆောက်လုပ်ထားပြီး ၀ရန်တာဘက်ရှိ တိုင်များထိပ်တွင်စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့် တိုင်အုပ်များ ဖုံးအုပ်ထားသည်။

ကျောင်းကြီးကိုမြောက်ဘက်သို့ မျက်နှာမူထားကာ သရက်ကင်းပုံစံ ထုထည်ကြီးမားသာ အုတ်လှေကား ရှစ်စင်းတပ်ဆင်ထားသည်။

ကျောင်းတိုက်ဝင်ပေါက်တံခါးများ၏ တစ်ဖက်စီတွင် လောကပါလ နတ်မင်းကြီးလေးပါးပုံများနှင့် စမြင်ပတ်လည် လက်ရမ်းများတွင် ကနုတ်ပန်းများနှင့် ရုပ်လုံးရုပ်ကြွများကို လှပစွာ အသေးစိတ် ထုလုပ်ထားသည်။

ရွှေအင်ပင်ကျောင်းတွင် အရုပ်နှင့် ပန်းကို မျှတစွာထည့်သွင်းထုလုပ်ထားပြီး လူနတ်ဗြဟ္မာ သတ္တ၀ါအမျိုးမျိုးကို တင့်တယ်လှပစွာ ပုံဖော်ထားသည်။

ရွှေအင်ပင်ကျောင်းတိုက်၏ မုခ်ဦးပြာသာဒ်ကို ဘုံ ခုနစ်ဆင့် တည်ဆောက်ထားပြီး ဆောင်မကြီး၏ အရှေ့မာရဘင်ဆောင် ကို ဘုရားဆောင်အဖြစ် အသုံးပြုသည်။

ဘုရားဆောင်ပလ္လင်အောက်ခြေ နှစ်ဘက်ရှိ လောကနတ်ရုပ်နှစ်ရုပ်သည် အလွန်လက်ရာ မြောက်လှပေသည်။

ဝရန်တာ လက်ရန်းများတွင် ဇာတ်ကြီး ဆယ်ဘွဲ့မှ ဇာတ်တော်များကို ထုလုပ်ထားရာ ကျောင်းတိုက်၏ တောင်ဘက်ခြမ်း၊ ၀ရန်တာ လက်ရန်းတွင် ဝေဿန္တရာဇာတ်တော်မှ ကဏှာ၊ဇာလီနှင့် စူဇကာပုဏ္ဏား ဇာတ်ကွက်နှင့် ဘူရိဒတ် ဇာတ်တော်မှ နဂါးမင်း အား အလမ္ပာယ်ပြသည့် ဇာတ်ကွက်တို့ကိုလည်းကောင်း၊ ကျောင်းတိုက်၏ မြောက်ဘက်ခြမ်း ၀ရန်တာတွင် ၀ိဓူရ ဇာတ်တော်မှ ပုဏ္ဏက ဘီလူးနှင့် ၀ိဓူရ အမတ် မေးလျှောက်ခန်းဇာတ်ကွက်နှင့် ဝေဿန္တရာဇာတ်တော်မှ မယ်မဒီ သစ်သီး ရှာခန်းဇာတ်ကွက်တို့ကို လည်းကောင်း လက်ရာမြောက်စွာ ထုလုပ်ထားသည်။

တံခါးရွက်များရှိ နတ်ရုပ်များအနက် အပြင်တံခါးရွက်ပေါ်မှ နတ်ရုပ်များကိုရွှေအင်ပင်ကျောင်းတွင် ဘောဂစမုတ်ဆောင်ဟုခေါ်သည့်ခုံးဆောင်ကို ဆောင်မကြီးနှင့် ဘောဂဆောင်အကြား၌ထည့်သွင်း ဆောက်လုပ်ထားသည်။

ခုံးဆောင်ကို တိုးလျှိုးပေါက်ဖွင့်ထားသဖြင့် အမြင်ရှင်းကာလေ၀င်လေထွက်ကောင်းမွန်သည့်အပြင် ဒီဇိုင်းက ဆန်းသစ်နေပေသည်။

မန္တလေးမြို့ရှိ ရွှေနန်းတော်နှင့် ရွှေအင်ပင် သစ်သားဘုန်းတော်ကြီးကျောင်းတို့သည် မြန်မာ့ ရိုးရာယဉ်ကျေးမှုအနု လက်ရာများ စုစည်းတည်ရှိနေသည့် ကျောင်းတော်ကြီးများဖြစ်ကြသည်အားလျော်စွာ ပြည်တွင်းပြည်ပ ခရီးသည်များ နေ့စဉ် လာ ရောက် လည်ပတ်လျက်ရှိနေကြပေသည်။

ရွှေအင်ပင်ကျောင်း၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ကြားရှိ ရှေးဟောင်းရေတွင်းဟောင်းကြီးကိုလည်း ထိန်းသိမ်းထားရှိသည်။

ရတနာပုံခေတ်အလှူရှင် ဇနီးမောင်နှံတို့ ဆောက်လုပ်လှူဒါန်ခဲ့သည့်သက်တမ်းနှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်သော ရွှေအင်ပင် သစ်သားကျောင်းကြီးသည် ယခုအချိန်တွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုအဖြစ် တည်ရှိနေပေသည်။

မြန်မာ့ဟန် ၊ မြန်မာ့ဗိသုကာလက်ရာများဖြင့် ခမ်းနားထယ်ဝါစွာတည်ဆောက်ခဲ့သည့် ရွှေအင်ပင် သစ်သားကျောင်းသည်အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အဖြစ်ထင်ရှားစွာ တည်ရှိနေပေသည်။

@Aye Htet Linn

Tour Leader/Domestic In Myanmar

ကိုးကားဖော်ပြချက်

မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာမှု အဆင်တန်ဆာများနှင့် ဘုန်းတော်ကြီးကျောင်းများ(မောင်ယဉ်လှိုင်း၊ပျဉ်းမမြိုင်)

ကုန်းပေါင်ခေတ်နှောင်း ဘုန်းကြီးကျောင်းများ(ဦးမျိုးမြင့်စိန်)

မြန်မာ့ယဉ်ကျေးမှု မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းကြီးများ(နတ်မောက်ထွန်းရှိန်)

အနှစ် ၁၀၀ ပြည့် မန္တလေး(ရွှေကိုင်းသား)

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *