ဂျုံခေါက်ဆွဲတစ်ပွဲ

By / 1 month ago / Blog / No Comments
ဂျုံခေါက်ဆွဲတစ်ပွဲ

ဂျုံခေါက်ဆွဲတစ်ပွဲ

အဖြစ်အပျက်အမှန်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ( ၁၇ ) နှစ်က ဒီဇင်ဘာ ( ၃၁ ) ရက်နေ့ ညနေခင်းမှာစတင်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။

နေရာကတော့ ဂျပန်နိုင်ငံ Sapporo မြို့ မှာရှိတဲ့ Hokkai chin ဆိုတဲ့ ဂျုံခေါက်ဆွဲဆိုင်တစ်ဆိုင်မှာပါ။

နောက်တစ်ရက်ဆိုရင် ဂျပန်နှစ်သစ်ကူးဖြစ်ပါတယ်။

ဂျပန်လူမျိုးများဟာ နှစ်သစ်ကူးအကြိုနေ့မှာ ပန်းဂျုံခေါက်ဆွဲ စားတဲ့ဓလေ့ရှိပါတယ်။

ဒါကြောင့်မို့လို့ အဲ့ဒီနေ့မှာ Hokkai chin ခေါက်ဆွဲဆိုင်မှာ လူစည်ကားပြီး ဧည့်သည်များ အပြည့်ဖြစ်နေပါတယ်။

တစ်နေ့လုံးနီးပါး စည်ကားနေတာပါ။

ခါတိုင်းရက်တွေမှာ ညဥ့်နက်တဲ့အထိ ဆိုင်ရှေ့ လမ်းတစ်လျှောက်တွေမှာ လူစည်ကားတတ်ပေမဲ့ ဒီနှစ်သစ်ကူးအကြိုညအဖို့တော့ ည ( ၁၀ )နာရီဆိုရင် လူမရှိသလောက်ပါးသွားပါပြီ။

အားလုံးက နစ်သစ်ကူးကြိုဖို့ အိမ်ပြန်ကြတာပါ။

Hokkai chin ခေါက်ဆွဲဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ဟာ စေတနာကောင်းပြီး ရိုးသားသူတစ်ဦးဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်ကတော်ဟာလည်း စိတ်ရင်းစေတနာကောင်းတဲ့အပြင် လူများအပေါ် အားတက်သရော နွေးနွေးထွေးထွေး ဆက်ဆံတတ်ပါတယ်။

နှစ်သစ်ကူးအကြိုည၊ နောက်ဆုံးဧည့်သည် ဆိုင်ပြင်ထွက်သွားပါပြီ။

ဆိုင်ရှင်ကတော် ဆိုင်ပိတ်မယ်လုပ်တော့ ဆိုင်တံခါး ဖြည်းဖြည်းဖွင့်လာပါတယ်။

အမျိုးသမီးတစ်ဦးနဲ့ ယောက်ျားကလေး ( ၂ ) ယောက် ဆိုင်ထဲဝင်လာပါတယ်။

ကလေး ( ၂ ) ယောက်ကိုကြည့်ရတာ အသက် ၆ နှစ်နဲ့ ၁၀ နှစ်ပတ်ဝန်းကျင်ခန့်ရှိမှာပါ။

အားကစားဝတ်စုံ ဆင်တူဝတ်ထားပါတယ်။

အမျိုးသမီးကတော့ အစင်းကြောင်းများပါတဲ့ ဟောင်းနွမ်းနေတဲ့ အနွေးထည် ၀တ်ဆင်ထားပါတယ်။

“ အော..ကြွပါရှင့်၊ ကြွပါရှင့်၊ ” ဆိုင်ရှင်ကတော် ခရီးဦးကြိုပြုလိုက်ပါတယ်။

“ ကျမတို့ ဂျုံခေါက်ဆွဲအရည်တစ်ပွဲ မှာလို့ရအုံးမလားရှင့်” ဝင်လာတဲ့အမျိုးသမီးက မဝံ့မရဲ မေးလိုက်တာပါ။

“ အော်..ရပါတယ် ရပါတယ်ရှင့်၊ ဒီဘက်ကြွပါ”

ဆိုင်ရှင်ကတော် သူတို့ကို ထောင့်နေရာမှာရှိတဲ့ နံပါတ် ( ၂ ) စားပွဲမှာ နေရာပေးလိုက်ပါတယ်။

ပြီးမှ ဆိုင်ရှင်ရှိတဲ့ စားဖိုဘက်ကို လှည့်ပြီး အော်လိုက်ပါတယ်။

“ ဂျုံခေါက်ဆွဲ အရည်တစ်ပွဲ”

ပုံမှန်အားဖြင့် ခေါက်ဆွဲတစ်ပွဲချက်တိုင်း ဆိုင်ရှင်က အိုးထဲကို အဆင်သင့်လုံးထားတဲ့ ဂျုံခေါက်ဆွဲလုံး တစ်လုံးကို ပစ်ထည့်ပါတယ်။

ဒီတစ်ခါတော့ သူ့ဂျုံခေါက်ဆွဲလုံး တစ်လုံးခွဲ ထည့်လိုက်ပါတယ်။

ခေါက်ဆွဲပွဲနည်းနည်း ပိုကြီးသွားအောင်ပါ။

ခေါက်ဆွဲပွဲကြီးတစ်ပွဲ ဧည့်သည်စားပွဲပေါ် ရောက်တဲ့အခါမှာ သားအမိ ၃ ဦးက ခေါက်ဆွဲပွဲကို ၀ိုင်းပြီး မြိန်ရည်ယှက်ရည် စားသုံးနေကြတာကို တွေ့ရပါတယ်။

အစ်ကိုဖြစ်တဲ့သူက စားရင်းနဲ့ ပြောလိုက်သေးတယ်။

“ စားကောင်းတယ်၊ အရမ်းစားကောင်းတယ်”

“ အမေ၊ အမေလည်း နည်းနည်း စားကြည့်”

ညီဖြစ်သူက ပြောပြီး ခေါက်ဆွဲကို တူနဲ့ညှပ်ပြီး မိခင်ရဲ့ ပါးစပ်ထဲကို တွန်းထည့်ပါတယ်။

ခေါက်ဆွဲတစ်ပွဲ ခဏလေးနဲ့ကုန်သွားပါတယ်။

ယမ်းငွေ ၁၅၀ ကျပါတယ်၊ သားအမိ ၃ ယောက် ပိုက်ဆံရှင်းပြီး “ သိပ်စားကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ်၊” လို့ပြောရင်း ခါးကိုင်းပြီးဦးညွတ်သွားပါသေးတယ်။

“ ကျေးဇူးတင်ပါတယ်၊ ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ” ဆိုင်ရှင်ကတော်က ပြန်နှုတ်ဆက်လိုက်ပါတယ်။

အချိန်ကုန်ဆုံးတာမြန်လွန်းလှပါတယ်၊ အလုပ်ရှုပ်ရင်းနဲ့ပဲ နောက်တစ်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ရောက်လာပြန်ပါတယ်။

နှစ်သစ်ကူး အကြိုရက်မို့ Hokkai chin ခေါက်ဆွဲဆိုင်ဟာ ခါတိုင်းနှစ်လိုပါပဲ စည်ကားနေပါတယ်။

တစ်နေ့တာအလုပ်ရှုပ်ပြီး ည ၁၀ နာရီထိုးသွားပါတယ်၊ ဆိုင်မှာဧည့်သည်မရှိတော့ပါ၊ ဆိုင်ရှင်ကတော် ဆိုင်ပိတ်ဖို့ လုပ်နေချိန်မှာပဲ ဆိုင်တံခါး တဖြည်းဖြည်းပြန်ပွင့်လာပါတယ်၊ အမျိုးသမီး တစ်ဦးနဲ့ ယောက်ျားလေး ၂ ဦး ဝင်လာပြန်ပါတယ်။

မနှစ်က နှစ်သစ်ကူးအကြိုညမှာလာသွားတဲ့ သားအမိ၃ဦးဆိုတာကို ဆိုင်ရှင်ကတော်ချက်ချင်းသတိရသွားပါတယ်။

ဝင်လာတဲ့ အမျိုးသမီးက မနှစ်ကလိုပဲ မေးပြန်တယ်၊�“ ဂျုံခေါက်ဆွဲ အရည်တစ်ပွဲ ရနိုင်အုံးမလားရှင့်”

“ အော်…ရပါတယ်၊ ရပါတယ်၊ ဒီဘက်ကြွပါ၊” ဆိုင်ရှင်ကတော်က သူတို့ကို ထောင့်မှာရှိတဲ့ စားပွဲနံပါတ် ( ၂ ) ကိုနေရာပေးပြီး မီးဖိုဆောင်ရှိတဲ့ဘက်ကို လှမ်းအော်လိုက်တယ်။

“ ဂျုံခေါက်ဆွဲ အရည် တစ်ပွဲ”

ဆိုင်ပိုင်ရှင် မီးဖိုဆောင်အတွင်းပိုင်းကနေ ထူးလိုက်ပါတယ်၊ ငြိမ်းပြီးသားမီးဖိုကို မီးပြန်မွေးပြီး ပါးစပ်ထဲမှာ တီးတိုးရွတ်ပါသေးတယ်၊ “ ဟုတ်ပါတယ်၊ ဂျုံခေါက်ဆွဲအရည်တစ်ပွဲပါ။”

ဆိုင်ပိုင်ရှင်ကတော်က ဆိုင်ပိုင်ရှင်နားကိုကပ်ပြီးတီးတိုးပြောလိုက်ပါတယ်။

“ သူတို့ကို ၃ ပွဲချက်ပေးလိုက်ပါလား”

“ အိုး..အဲလိုလုပ်ရင် သူတို့ရှက်သွားမှာပေါ့” ဆိုင်ပိုင်ရှင်က ဒီလိုသာဖြေဆိုပေမဲ့ အိုးထဲကိုတော့ ဂျုံခေါက်ဆွဲလုံးတွေ ပိုပစ်ထည့်နေပါတယ်။

ဆိုင်ရှင်ကတော်က သူမအမျိုးသားကို ပြုံးပြီးကြည့်နေတယ်၊ “ ရှင်တော်တော်စေ့စပ်တယ်” ဆိုပြီးချီးမွမ်းလိုက်ပါတယ်။

သားအမီ ၃ ယောက် ဂျုံခေါက်ဆွဲတစ်ပွဲကို ၀ိုင်းပြီးစားနေကြပါတယ်။

စကားတီးတိုးပြောနေကြပါတယ်။

“ စားကောင်းတယ်၊ သိပ်မွှေးတာပဲ၊ သိပ်ကောင်းတယ်”

“ ဒီတစ်နှစ်မှာ ဒီ Hokkai chin ဆိုင်မှာ လာစားနိုင်သေးတာ သိပ်ကောင်းတာပဲ”

“ နောက်တစ်နှစ်လည်း လာစားနိုင်ရင် အရမ်းကောင်းမှာ”

စားပြီးသွားတယ်၊ ယမ်းငွေ ၁၅၀ ရှင်းလိုက်တယ်၊ သားအမိ ၃ ယောက် ဆိုင်ကနေ ထွက်ခွါသွားပါတယ်။

“ ကျေးဇူးတင်ပါတယ်၊ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ” ဆိုင်ရှင်ကတော် လှမ်းနှုတ်ဆက်လိုက်ပါတယ်။

သူတို့သားအမိရဲ့ နောက်ကျောကို မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်နေပါတယ်။

ဆိုင်ပြန်ဝင်လာပြီး လင်မယား ( ၂ ) ယောက် ဒီအဖြစ်အပျက်ကို အကြာကြီး ပြောဖြစ်လိုက်ပါတယ်။

တတိယနှစ်ရဲ့ ဒီဇင်ဘာ ၃၁ ရက် ရောက်ရှိလို့ လာပြန်ပါပြီ၊ Hokkai chin ခေါက်ဆွဲဆိုင်က ရောင်းကောင်းပြီး လူစည်ကားနေပါတယ်၊ လင်မယား ( ၂ ) ယောက် အချင်းချင်း စကားမပြောအားလောက်အောင်ကို ရောင်းကောင်းနေတာပါ။

အလုပ်ရှုပ်ပြီး လူမောစိတ်မောဖြစ်နေပေမဲ့ ည ( ၉ ) နာရီခွဲလောက်မှာ လင်မယား နှစ်ဦးစလုံး စိတ်ဂဏာမငြိမ်ဖြစ်နေပါပြီ။

သူတို့ လာမှလာပါ့မလား။

ညဆယ်နာရီထိုးသွားပါပြီ၊ ဆိုင်က အလုပ်သမားများ နှစ်သစ်ကူး “ အန်ပေါင်း” ယူပြီး ပြန်သွားကြပါပြီ၊ ဆိုင်ရှင်က တစ်ခုခုကို ချက်ချင်းသတိရလိုက်တယ်၊ နံရံကို အပြေးကလေးနဲ့သွားပြီး “ ဂျုံခေါက်ဆွဲ တစ်ပွဲ ၂၀၀” ဆိုတဲ့ ဆိုင်းပုဒ်ကို အတွင်းလှန်လိုက်ပါတယ်၊ တစ်ပွဲ ၁၅၀ ဆိုပြီးထပ်ရေးလိုက်ပါတယ်။

စားပွဲနံပါတ် ( ၂ )မှာ “ မှာယူထားပြီး” ဆိုတဲ့ သုံးမြှောင့်စားပွဲတင်ကဒ်လေးကို ကိုးနာရီခွဲခန့်ကတည်းက တင်ထားပြီးဖြစ်ပါတယ်။

သူတို့ အထူးဧည့်သည်တွေကို စောင့်မျှော်နေကြပါတယ်၊ ဆယ်နာရီတိတိမှာ သားအမိ သုံးဦးရောက်ရှိလာပါတယ်။

သူတို့ဟာ ဆိုင်မှာ ဧည့်သည်အားလုံးပြန်သွားတဲ့အထိ တမင်တကာ စောင့်ပြီးမှ လာပုံရပါတယ်။

အစ်ကိုဖြစ်သူက ကျောင်းဝတ်စုံဝတ်ဆင်ထားပါတယ်၊ ညီဖြစ်သူက မနှစ်ကအစ်ကိုဝတ်ခဲ့တဲ့ ဂျာကင်အဟောင်းကို ၀တ်ဆင်ထားပုံရပါတယ်၊ မိခင်ဖြစ်သူကတော့ ခါတိုင်းဝတ်နေကျ အနွေးထည်ကိုပဲ ဆက်ဝတ်ထားပါတယ်။

“ အော်..ကြွပါ၊ ကြွပါ၊” ဆိုင်ရှင်ကတော်က ပျာပျာသလဲ ကြိုဆိုနေပါတယ်။

အပြုံးအပြည့်နဲ့ ကြိုဆိုနေတဲ့ ဆိုင်ရှင်ကတော်ကိုကြည့်ပြီး မိခင်ဖြစ်သူက အသံတုန်တုန်ယင်ယင်နဲ့ “ ကျေးဇူးပြုပြီး ဂျုံခေါက်ဆွဲအရည် ( ၂ ) ပွဲ မှာချင်လို့ပါ။”

“ အော်…ရပါတယ်၊ ရပါတယ်၊ ဒီဘက်စားပွဲကို ကြွပါ။”

စားပွဲနံပါတ် ( ၂ ) မှာထိုင်လိုက်ကြပါတယ်။

Reserved လို့အဓိပ္ဗါယ်ရတဲ့ “ မှာယူထားပြီး” စားပွဲတင် ကဒ်လေးကို ဆိုင်ရှင်ကတော်က မသိမသာ သိမ်းလိုက်ပါတယ်။

မီးဖိုဆောင်ဘက်ကို လှမ်းအော်လိုက်ပါတယ်။

“ ဂျုံခေါက်ဆွဲ အရည် ( ၂ ) ပွဲ”

“ ချက်ချင်းရမယ်၊ ဂျုံခေါက်ဆွဲ ( ၂ ) ပွဲ” ဆိုင်ရှင်ဖြစ်သူက အထဲကနေထူးရင်း အိုးထဲကို ဂျုံခေါက်ဆွဲလုံး ၃ လုံး ထည့်လိုက်ပါတယ်။

သားအမိ သုံးယောက်အားရပါးရ ဂျုံခေါက်ဆွဲ ၂ ပွဲကို စားသောက်ပြီး စကားပြောနေကြပါတယ်။

“ Haderu နဲ့ ကိုကို၊ မင်းတို့ ညီအစ်ကို ၂ ယောက်စလုံးကို မေမေဒီကနေ့ ကျေးဇူးအရမ်းတင်တယ်”

“ ဘာဖြစ်လို့လဲ”

“ ဒီလိုပါ၊ မင်းတို့ကွယ်လွန်သွားတဲ့အဖေ လူရှစ်ယောက်ကို အနာရစေတဲ့ ယာဉ်တိုက်မှုမှာ အာမခံကုမ္မဏီက မလျှော်ပေးနိုင်တဲ့အပိုင်း၊ ဒီနှစ်ပိုင်းမှာ လစဉ် ယမ်းငါးသောင်းပေးလျော်ရတဲ့ကိစ္စလေ”

“ အဲဒါ ကျွန်တော်တို့ သိပြီးသားလေ”

“ မဟုတ်ဘူး၊ အစတုန်းက နောင်နစ် မတ်လမှ ကျေမဲ့လျော်ကြေးက ဒီနေ့ အားလုံးပေးချေပြီးပြီ”

“ အား..မေမေ၊ တကယ်လား”

“ တကယ်ပေါ့၊ ကိုကိုက သတင်းစာကို ကြိုးစားပမ်းစားပို့တယ်၊ Haderu ကထမင်းဟင်းချက်ကျွေးတယ်၊ မေမေလည်း ကောင်းကောင်းအလုပ်လုပ်လို့ရတယ်၊ ကုမ္ပဏီက အလုပ်ကြိုးစားတဲ့ဆုအနေနဲ့ ဘောက်ဆူးပေး လိုက်တယ်လေ၊ အဲဒါကြောင့်နောက်နစ်ပေးချေစရာတွေ ဒီနေ့ကျေသွားပြီ”

“ သိပ်ကောင်းတာပဲ၊ မေမေ၊ ကိုကို၊ ကျွန်တော်ထမင်းဆက်ချက်မယ်”

“ ကျွန်တော်လည်း သတင်းစာဆက်ပို့မယ်၊ Haderu ၊ ငါတို့ညီအစ်ကို ကြိုးစားကြမယ်”

“ ကျေးဇူးတင်တယ်၊ မင်းတို့ ညီအစ်ကို ၂ ယောက်လုံးကိုမေမေ ကျေးဇူးတင်တယ်”

ဆိုင်ရှင်ရော၊ ဆိုင်ရှင်ကတော်ပါ တိတ်တိတ်လေး နားစွင့်နေပါတယ်။

“ မေမေ၊ Haderu နဲ့ကျွန်တော် က လျှို့ဝှက်ချက်တစ်ခုရှိတယ်၊ မေမေကိုပြောမလို့၊ အဲဒါနိုဝင်ဘာလက တနင်္ဂနွေ တစ်ခုမှာလေ၊ ညီလေးကျောင်းက ကျောင်းသားမိဘအစည်းအဝေးခေါ်တယ်၊ အဲဒါ ညီလေး Hederu ရဲ့ အတန်းပိုင်ဆရာက မေမေ့ဆီကို စာတစ်စောင်ပေးလိုက်သေးတယ်။

ညီလေး Hederu ရေးတဲ့ အက်ဆေးတစ်ပုဒ်က Hokkaidō ဒေသအတွက် ကိုယ်စားပြု ပြိုင်ပွဲဝင်ရမှာတဲ့၊ မေမေ့ကိုယ်စား ကျွန်တော်အဲဒီမိဘအစည်းအဝေး သွားလိုက်သေးတယ်။

“ ဟုတ်လား၊ အဲဒါနောက်ပိုင်းကော၊ ဘာဖြစ်သေးလဲ”

“ ဆရာပေးတဲ့ မေးခွန်းက “ ကျွန်တော့်ရဲ့ ရည်မှန်းချက်”၊ Haderu ရေးလိုက်တာက ဂျုံခေါက်ဆွဲတစ်ပွဲကို အခြေခံထားတဲ့ အက်ဆေးပါ။

အဲဒါ ဆရာက ညီလေးကိုအတန်းရှေ့မှာ ဖတ်ပြခိုင်းသေးတာ” ကိုကိုဖြစ်သူက ရှင်းပြနေပါတယ်။

“ ညီလေး Hederu က အက်ဆေးကိုဒီလိုရေးတယ်မေမေ၊ အဖေယာဉ်တိုက်မှုဖြစ်တယ်၊ အကြွေးအများကြီးချန်ခဲ့တယ်၊ မေမေက မနက်ကနေညနေအထိ အလုပ်ကြိုးစားလုပ်တယ်၊ ကျွန်တော်နေ့တိုင်းသတင်းစာပို့တာလည်း သူထည့်ရေးထားသေးတယ်။”

“ ပြီးရင်၊ ဒီဇင်ဘာ ၃၁ ရက်၊ နှစ်သစ်ကူးအကြိုည ကျွန်တော်တို့ သားအမိသုံးယောက် ဂျုံခေါက်ဆွဲတစ်ပွဲ ၀ိုင်းစားတဲ့အကြောင်း၊ အလွန်စားကောင်းတဲ့အကြောင်း၊ သားအမိ သုံးယောက်က ခေါက်ဆွဲတစ်ပွဲထဲမှာစားပေမဲ့ ဆိုင်ရှင်ကတော်နဲ့ဆိုင်ရှင်က ကျွန်တော်တို့ကို ကျေးဇူးတင်လိုက်သေးတဲ့အကြောင်း၊ ပြီးရင် ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေဆိုပြီး ဆုတောင်းပေးတဲ့အကြောင်း၊ အဲဒီဆုတောင်းပေးတဲ့အသံဟာ ကျွန်တော်တို့မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ အင်အားဖြစ်စေတဲ့အကြောင်း၊ ဖေဖေချန်ခဲ့တဲ့ အကြွေးကို အမြန်ကျေအောင် ဆပ်ဖို့ တွန်းအားပိုဖြစ်စေတဲ့အကြောင်းတွေ ပါဝင်တယ် မေမေ”

“ အဲဒါ ညီလေးကြီးပြင်းလာရင် သူ့ရဲ့ ရည်မှန်းချက်က ဂျုံခေါက်ဆွဲဆိုင်တစ်ဆိုင်ကိုဖွင့်မှာတဲ့၊ ဂျပန်မှာ အကောင်းဆုံးဆိုင်ဖြစ်အောင် ကြိုးစားမယ်တဲ့၊ လာစားသုံးတဲ့ ဧည့်သည်တိုင်းကို ပျော်ရွှင်ပါစေဆိုပြီး ဆုတောင်းပေးမယ်၊ ကျေးဇူးတင်စကားပြောမယ်တဲ့”

ကောင်တာမှာ ငြိမ်ငြိမ်လေးနားစွင့်နေတဲ့ ဆိုင်ရှင်လင်မယား ရုတ်တရက် ပျောက်ဆုံးသွားပါတယ်၊ သူတို့ ( ၂ ) ဦးစလုံး အောက်ကို ထိုင်ချပြီး မဆည်နိုင်တော့တဲ့ မျက်ရည်တွေကို သုတ်နေလို့ ဖြစ်ပါတယ်။

“Hederu က သူ့အက်ဆေးကိုဖတ်ပြီးသွားပါပြီ” ဆရာကဆက်ပြောပါတယ်၊ ဒီနေ့ Hederu ရဲ့ ကိုကိုက သူ့မေမေကိုယ်စား အစည်းအဝေးလာတက်တယ်၊ နည်းနည်းစကားပြောပေးဖို့ ဖိတ်ခေါ်ပါတယ်တဲ့”

“ အော်..ဟုတ်လား၊ အဲဒါ မင်းဘယ်လိုပြောလိုက်တာလဲ”

“ ရုတ်တရက်ကြီးဆိုတော့လေ၊ ဘာမှလည်းပြင်ဆင်မသွားဘူးလေ၊ ဘာပြောရမှန်းမသိဘူး၊ ဒီလိုတော့ပြောလိုက်ပါတယ်၊ အားလုံးကို ကျေးဇူးတင်တယ်လို့၊ အထူးသဖြင့် ညီလေး Hideru ကိုစောင့်ရှောက်တဲ့အတွက် အလွန်ကျေးဇူးတင်တယ်၊ ကျွန်တော့်ညီလေးက နေ့စဉ်နေ့တိုင်း ကျောင်းဆင်းရင် ဟင်းဝယ်ပြန်ရပါတယ်၊ ပြီးရင် ထမင်းဟင်းချက်ပြုတ်ရပါတယ်၊ အဲဒီအတွက်ကြောင့် Hideru ဟာ လောလော လောလောနဲ့ အိမ်ပြန်ရတဲ့အကြိမ်နည်းမှာမဟုတ်ပါဘူး၊ အားလုံးအတွက်အနှောက်အယှက်ဖြစ်မိမှာပါ။

အဲဒါစောင့်ရှောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ညီလေးခုနက ဂျုံခေါက်ဆွဲတစ်ပွဲ ဖတ်တဲ့အချိန်မှာ ကျွန်တော်ခိုးပြီးရှက်မိပါသေးတယ်၊ ဒါပေမဲ့ ညီလေးက အဲဒါကို ရင်ကော့ပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပြတော့ ကျွန်တော်ဟာ ကျွန်တော်ရှက်မိတဲ့စိတ်အတွက် ပြန်ရှက်မိပါတယ်။

ဒီနှစ်ပိုင်းတွေမှာ၊ မေမေက ဂျုံခေါက်ဆွဲတစ်ပွဲမှာရဲတဲ့ သတ္တိကို ကျွန်တော်တို့ညီအစ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ကောင်းကောင်းကြိုးစားမှာပါ။

မေမေ့ကိုလည်း သေသေချာချာ ဂရုစိုက်သွားမှာပါ။

အားလုံး ကျွန်တော့်ညီလေး Hideru ကိုဆက်ပြီး ဆောင်မကြည့်ရှု့ ပေးဖို့ မေတ္တာရပ်ခံပါတယ်၊ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်”

သားအမိသုံးယောက် တစ်ဦးကိုတစ်ဦး လက်ဆွဲကြတယ်၊ လက်ဆုပ်ကိုင်ကြတယ်၊ ပုခုံးပွတ်ကြတယ်၊ ခေါက်ဆွဲကုန်သွားပါပြီ၊ ပိုက်ဆံ ၃၀၀ ရှင်းလိုက်တယ်၊ ကျေးဇူးတင်ကြောင်းပြောတယ်၊ ဆိုင်ပြင်ကို ထွက်ခွာသွားပါတယ်။

သားအမိသုံးယောက်ရဲ့ နောက်ကျောကိုကြည့်ပြီး ဆိုင်ရှင်က အော်ပြောလိုက်ပါတယ်။

“ ကျေးဇူးတင်ပါတယ်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ”

နောက်တစ်နှစ်ရောက်လာပါပြီ၊ ည ၉ နာရီမှာ နံပါတ် ( ၂ ) စားပွဲမှာ “မှာယူထားပြီး” ဆိုတဲ့ စားပွဲတင်ကဒ်လေးကို တင်ထားလိုက်ပါတယ်။

ဒါပေမဲ့ သားအမိ သုံးယောက် ပေါ်မလာခဲ့ပါ။

ဒုတိယနှစ်၊ တတိယနှစ်၊ နံပါတ် ( ၂ ) စားပွဲက အဆင်သင့်ပြင်ဆင်ထားဆဲ၊ သားအမိ သုံးယောက် ပေါ်ပေါက်မလာခဲ့ပါ။

Hokkai chin ဆိုင်ရဲ့ စီးပွားရေး ပိုပိုကောင်းမွန်လာပါတယ်၊ ဆိုင်ကိုပြန်လည်ပြုပြင်မွမ်းမံပါတယ်၊ စားပွဲထိုင်ခုံတွေအားလုံး အသစ်လဲလိုက်ပါတယ်၊ စားပွဲနံပါတ် ( ၂ ) ကို နေရာဟောင်းမှာ ချန်ရစ်ထားဆဲ။

“ ဒါဘာကြောင့်ပါလိမ့်” လာရောက်တဲ့ ဧည့်သည်အချို့ စပ်စုကြပါတယ်။

ဆိုင်ရှင်ကတော်ကလည်း မေးတဲ့လူရှိတိုင်း သားအမိသုံးယောက်ရဲ့ ဂျုံခေါက်ဆွဲတစ်ပွဲ ပုံပြင်ကို ပြောပြပါတယ်။

အဲဒီစားပွဲနံပါတ် ( ၂ ) ကိုလည်း ဆိုင်အလည်ဗဟိုကို ရွေ့လိုက်ပါတယ်။

အင်အားဖြစ်စေဖို့ အားပေးတဲ့သင်္ကေတ ဖြစ်လာစေဖို့ပါ။

တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီသားအမိ သုံးယောက်ပေါ်မလာဘူးလို့ ဘယ်သူတတ်အပ်ပြောနိုင်မှာလဲ၊ သူတို့လာတဲ့အခါကျရင် သူတို့ကို ဒီစားပွဲနံပါတ် ( ၂ ) နဲ့ ကြိုဆိုချင်တယ်။

အဲဒီစားပွဲ တစ်ဖြည်းဖြည်းနဲ့ လူသိများလာပါတယ်။

“ ပျော်ရွှင်တဲ့စားပွဲ” ဆိုပြီးတင်စားခေါ် ဝေါ်ကြတယ်။

ကျောင်းသားအချို့ အဲဒီစားပွဲကြောင့် အဝေးကြီးကနေ ခေါက်ဆွဲလာစားကြတယ်။

အဲဒီစားပွဲကိုထိုင်ကြည့်ချင်ကြတယ်။

နှစ်ပေါင်းများစွာရဲ့ ဒီဇင်ဘာ ၃၁ ရက်ကို ကျော်ဖြတ်ခဲ့ပါတယ်။

Hokkai chin ဆိုင်ဟာ နှစ်သစ်ကြိုနေ့ကို ရောက်တိုင်း ညသန်းခေါင်အထိ လူစည်ကားလာပါတယ်။

အဓိကစားသုံးသူတွေကတော့ အနီးအနားက ဆိုင်ရှင်တွေပါ။

သူတို့ဟာ ဆိုင်သိမ်းပြီးရင် ဒီမှာလာပြီး ဂျုံခေါက်ဆွဲမှာစားကြပါတယ်။

နှစ်သစ်ခေါင်းလောင်း နားထောင်ကြပါတယ်။ ပြီးမှ နတ်ဘုရားကျောင်းသွားပြီး ကန်တော့ကြပါတယ်။

ဒါ Hokkai chin ဆိုင်အတွက် ဒီ ငါးနှစ် ခြောက်နှစ်အတွင်းမှာ ပြောင်းလဲလာတဲ့ နှစ်သစ်ကူးလူနေမှုပါ။

ဒီတစ်နေ့ ည ၉ နာရီခွဲ ရောက်လာပြန်ပါပြီ၊ ဆိုင်ရှင်လင်မယား ငါးစိမ်းပြားတစ်ပွဲကို အရင်လာချပါတယ်။

နောက် အရက်မြည်းတဲ့ဟင်း တစ်ခုပြီးတစ်ခုရောက်လာပါတယ်။

စားပွဲနံပါတ် ( ၂ ) ကလွဲလို့ ကျန်တဲ့စားပွဲ အားလုံးလူပြည့်နက်နေပါတယ်။

ဧည့်သည်အားလုံးနီးပါး အနီးအနားဆိုင်ရှင်များဖြစ်တဲ့အတွက် စားပွဲနံပါတ် ( ၂ ) အကြောင်းကို သိရှိပြီးဖြစ်ပါတယ်။

ပါးစပ်အားဖြင့်တော့ ဘာမှ မပြောကြတော့ပေမဲ့ စိတ်ထဲမှာကြတော့၊ အော်…ဒီတစ်နှစ်မှာလည်း အဲဒီနံပါတ် ( ၂ ) စားပွဲကတော့ ဗလာဟောင်းလောင်း ဖြစ်နေအုန်းမှာပါလား ဆိုပြီးတွေးတောနေကြပါတယ်။

အချို့လူများ ဂျုံခေါက်ဆွဲစားနေကြပါတယ်။

အချို့ လူများ အရက်ထိုင်သောက်နေကြပါတယ်။

အချို့လည်းစားရင်း စကားပြောရင်းနဲ့ စည်ကားနေကြပါတယ်။

စီးပွားရေးအကြောင်း၊ သားသမီးနဲ့ မြေးများအကြောင်း၊ မိသားစုကြီးလိုပါပဲ ပျော်ရွှင်နေကြပါတယ်။

ည ဆယ်နာရီခွဲ ရောက်နေပါပြီ၊ ဆိုင်တံခါး တစ်ဖြည်းဖြည်းပွင့်လာပါတယ်။

ဆိုင်အတွင်းလူများအားလုံး အသံတိတ်ဆိတ်သွားပါတယ်။

မျက်စိက အ၀င်ပေါက်ဆီကို တစ်ပြိုင်တည်းကျရောက်သွားပါတယ်။

သန့်သန့်ပြန့်ပြန့် လူငယ် ( ၂ ) ဦးဝင်လာပါတယ်။

အနောက်တိုင်းဝတ်စုံ ၀တ်ထားပါတယ်။

အားလုံးသက်ပြင်းတစ်ချက်ချလိုက်ပါတယ်။

ခုနပြောနေတဲ့စကားဝိုင်းကို ပြန်ဆက်ကြပါတယ်။

ဆိုင်ပိုင်ရှင်ကတော်က “ အားနာပါတယ်၊ ဆိုင်ပြည့်သွားပါပြီ” လို့ငြင်းဆိုဖို့ ပြောမဲ့အချိန်မှာ၊ ဂျပန်ကီမိုနိုဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဝင်လာပါတယ်။

လူငယ် ( ၂ ) ဦးရဲ့ အလယ်မှာ ရပ်လိုက်ပါတယ်။

အားလုံးအသက်ရှူ ရပ်သွားသကဲ့သို့ပါ။

အမျိုးသမီးက ဖြည်းဖြည်းပြောဆိုလိုက်ပါတယ်၊
“ ကျေးဇူးပြုပြီး၊ကျေးဇူးပြုပြီး၊ ဂျုံခေါက်ဆွဲအရည် ၃ ပွဲ ရနိုင်အုံးမလား”

ဆိုင်ရှင်ကတော် မျက်နာအရောင်တောင်ပြောင်းသွားပါတယ်။

ဆယ်နှစ်ကျော်သွားပါပြီ၊ တစ်ချိန်က ကလေးများဟာ အခု လူပျိုတွေတောင် ဖြစ်နေပါပြီ၊ မျက်စိရှေ့ ကဒီသားအမိ ၃ ဦး၊ ဆိုင်ရှင်ကလည်း ကြောင်အမ်းအမ်း သူတို့ကိုကြည့်နေပါတယ်။

ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေပါတယ်။

“ ရှင်တို့၊ ရှင်တို့ ” ဆိုင်ရှင်အမျိုးသမီး စကားပြောမထွက်တော့ပါ။

လူငယ်တစ်ဦးက ဝင်ဖြေလိုက်ပါတယ်။

“ ဟုတ်ပါတယ်၊ ကျွန်တော်တို့ သားအမိ သုံးယောက်ပါ။

လွန်ခဲ့တဲ့ ၁၄ နှစ်က နှစ်သစ်ကူးအကြိုညမှာ ဂျုံခေါက်ဆွဲအရည် တစ်ပွဲမှာစားဖူးပါတယ်။

အဲဒီဂျုံခေါက်ဆွဲတစ်ပွဲဟာ စိတ်ဓာတ်အင်အားများစွာဖြစ်စေခဲ့တာကြောင့် ကျွန်တော်တို့ သားအမိ ကောင်းကောင်းမွန်မွန် အသက်ရှင်ရပ်တည်ဖို့ သတ္တိရှိခဲ့တာပါ”

“ကျွန်တော်တို့ နောက်ပိုင်းမှာ အဖွားရှိတဲ့ Shiga ken မြို့ကိုပြောင်းသွားပါတယ်။

ကျွန်တော်ဒီတစ်နှစ်ဆရာဝန်ဖြစ်လက်မှတ် အောင်မြင်သွားပါပြီ၊ လာမည့်နှစ်မှာ ဒီSapporo မြို့ရဲ့ အထွေထွေဆေးရုံမှာ တာဝန်ထမ်းဆောင်မှာပါ။”

“ကျွန်တော်တို့ တာဝန်ထမ်းဆောင်မည့် ဆေးရုံကိုလာရောက်ဂါဝရပြုနှုတ်ဆက်တာပါ။

အဖေရဲ့ အုတ်ဂူကိုဝင်ကန်တော့ရင်းနဲ့ပါ။

အရင်တုန်းက ခေါက်ဆွဲဆိုင်ပိုင်ရှင် ဖြစ်ချင်ခဲ့တဲ့ ညီလေးလည်း အခု ဘဏ်တိုက်တစ်ခုမှာ အလုပ်ဆင်းနေပါတယ်။

ကျွန်တော်တို့ အမေနဲ့တိုင်ပင်ထားပါတယ်၊ ဒီ Hokkai chin ဆိုင်မှာ ဂျုံခေါက်ဆွဲ ၃ ပွဲ လာစားမယ်၊ ဆိုင်ရှင်နဲ့ ဆိုင်ရှင်ကတော်ကို ဝင်ရောက်ဂါရဝပြု နှုတ်ဆက်မယ်”

ဆိုင်ရှင် လင်မယား ( ၂ ) ယောက် နားထောင်ရင်း၊ ခေါင်းငြိမ့်ရင်း၊ မျက်ရည်ကျရင်း ဖြစ်နေပါတယ်။

အဲဒီအချိန်မှာ ဧည့်သည်တစ်ဦးက လှမ်းပြောလိုက်ပါတယ်။

“ ဆယ်နှစ်ကျော်ပြင်ဆင်ထားတဲ့ နှစ်သစ်ကူးအကြို ဧည့်သည်တွေအတွက် ပြင်ဆင်တော့လေ” တဲ့

စကားဆုံးဆုံးချင်းမှာပဲ ဆိုင်ရှင်လင်မယား ( ၂ ) ဦး အသက်ဝင်လာတယ်။

မျက်ရည်သုတ်တယ်။

“ ကြိုဆိုပါတယ်၊ စားပွဲနံပါတ် ( ၂ ) ကို ကြွပါ။”

မီးဖိုဆောင်ဘက်ကို လှမ်းအော်လိုက်ပါတယ်။

“ ဂျုံခေါက်ဆွဲအရည် ၃ ပွဲ”

“ အော်..ဟုတ်ပါတယ်၊ ဂျုံခေါက်ဆွဲ အရည် ၃ ပွဲ” ဆိုင်ရှင်က တီးတိုးရွတ်ရင်း စတင်ချက်ပြုတ်ပါတော့တယ်။

ပုံပြင်ကတော့ ပြီးဆုံးသွားပါပြီ၊

ဒီပုံပြင်ကို ဂျပန်နိုင်ငံမှာ ဖော်ပြတုန်းက ကျောင်းဆရာ ဆရာမများ၊ မိဘများနဲ့ ကျောင်းသားလူငယ်များစွာတို့ဖတ်ရှု့ကြပါတယ်။

ဂျုံခေါက်ဆွဲတစ်ပွဲရဲ့ မိခင်ဖြစ်သူရဲ့ ကြံ့ခိုင်မှုနဲ့ သိတတ်လိမ္မာပြီး ဒုက္ခခံနိုင်ရည်ရှိတဲ့ သား ၂ ဦးတို့အတွက် ဂုဏ်ယူကြပါတယ်။

ဖတ်ရင်းနဲ့ မျက်ရည်ကျကြပါတယ်။

အဲ့ဒါ ဝမ်းနည်းလို့ ကျတဲ့မျက်ရည်မဟုတ်ရပါ။

ရိုးသားမှု နွေးထွေးမှုနဲ့ အားတက်သရောရှိမှု တို့ကြောင့် ကျတဲ့မျက်ရည်ဖြစ်ပါတယ်။

စာဖတ်သူများရဲ့ စိတ်ရင်းခံကောင်းမွန်မှုနဲ့ ထပ်တူထပ်မျှ ခံစားစေဖို့နှိုးဆွလိုက်တဲ့မျက်ရည် ဖြစ်ပါတယ်။

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဆိုင်ရှင်လင်မယားကူညီပေးလိုက်တာ သိပ်မများသလိုပဲ၊ ဒါပေမဲ့ ရိုးသားခြင်း၊ သဘောထားကြီးခြင်း၊ နွေးထွေးခြင်းနဲ့ စေတနာမှန်ကန်ခြင်းတို့ကြောင့် “ ကျေးဇူးတင်ပါတယ်၊ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ” ဆိုတဲ့စကားတစ်ခွန်းဟာ အခက်အခဲနဲ့ မျှော်လင့်ချက်ကင်းလုနီးပါးဖြစ်နေတဲ့ သားအမိ သုံးယောက်အဖို့ နွေးထွေးစေပါတယ်၊ ရင်ဆိုင်ဖို့ သတ္တိခွန်အားဖြစ်ပေါ်စေခဲ့ပါတယ်၊ အခက်ခဲဆုံးကာလကို ကျော်ဖြတ်စေခဲ့ပါတယ်။

အကျိုးဆက်ရလဒ်ကတော့ ဆိုင်ကလူသိများလာပြီး ရောင်းအားကောင်းလာခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ သူများကို ကျေးဇူးတင်ဖို့၊ ဆုတောင်းပေးဖို့၊ ချီးမွမ်းပေးဖို့ ကပ်စီးမနည်းသင့်ပါ။

ကိုယ့်ရဲ့ အနည်းငယ်သော ကောင်းမှုတစ်ခုပြုလိုက်ခြင်းကြောင့်၊ အားပေးစကားတစ်ခွန်းပြောလိုက်ခြင်းကြောင့် အကျိုးဆက်ကောင်းများ ကြီးမားသွားနိုင်ပါတယ်။

ဤပုံပြင်ကိုရော၊ အောက်ပိုင်းကမှတ်ချက်စာပိုဒ်ရော အားလုံး ဘာသာပြန်ထားတာပါ။

ကျွန်တော့် အာဘော်မပါဝင်ပါ။

ကျွန်တော်ဂျပန်စာမတတ်ပါ။

ဘာသာပြန်ထားတဲ့ တရုတ်ဆောင်းပါးမှတဆင့် ဘာသာထပ်ပြန်ထားခြင်းဖြစ်ပါတယ်။

အမှားပါနိုင်ပါတယ်။ ညွှန်ပြပေးသူကို ကျေးဇူးတင်ပါတယ်။

ဆောင်းပါးက ရှည်လှပြီမို့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီး ကုန်ဆုံးအောင်ဖတ်ရှု့သူများအားလုံး၊ အသိအမှတ်ပြု Like ပေးတဲ့လူများအားလုံး၊
ထပ်ဆင့် ရှယ်ပေးတဲ့သူများအားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Copy ယူရင်တော့ Credit ပေးပါ၊ ကျွန်တော်ရေးထားတဲ့စာအချို့ အခြားစာရေးသူနာမည်နဲ့ ပြန်တွေ့နေရလို့ပါ။

ဗဟုသုတနဲ့အသိ ဖြန့်ဝေချင်တဲ့စေတနာကို အရင်းခံတယ်ဆိုပေမဲ့ ကိုယ့်ဆောင်းပါး သူများနာမည်နဲ့ ပြန်တွေ့ရတဲ့အခါကျတော့ စိတ်ထဲမှာ သိပ်ဘ၀င်မကျသလို ခံစားရတတ်ပါတယ်။

ကျွန်တော်သဘောထား မကြီးနိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်၊ ကျေးဇူးပါ။

Ref: we chat

Credit: Sayar Aung Ko Latt

#ပြန်လည်မျှဝေပေးပါသည်

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *