လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော ရဟန်း (၇) ပါး

By / 1 month ago / Blog / No Comments
လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော ရဟန်း (၇) ပါး

လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော ရဟန်း (၇) ပါး

တစ်ခါတွင်လည်း ရဟန်းတော်ခုနှစ်ပါးတို့သည် ဘုရားဖူးရန်အလို့ငှါ မြတ်စွာဘုရားရှင်သီတင်း သုံးတော် မူရာ……

ဇေတဝန် ကျောင်းတော် သို့လာစဉ် လမ်းခုလတ်ရှိ ကျောင်းတစ်ကျောင်း၌ ဝင်ရောက်တည်းခိုကြလေသည်။

ကျောင်းနေရဟန်းက ထိုအာဂန္တုက ရဟန်းခုနှစ်ပါး အတွက် ညောင်စောင်း ခုနှစ်ခု ရှိသော ဥမင် လိုဏ်ခေါင်း အတွင်း နေရာချ ပေးလေသည်။

ထိုဥမင် အတွင်း အာဂန္တုရဟန်းတို့ ညချမ်းကာလ ကျိန်းစက် အနားယူနေစဉ် တောင်မြင့်ပေါ်မှ အိမ်တစ်လုံးစာ ပမာဏရှိသော ကျောက်တုံးကြီး လိမ့် လာ ကာ ထို အာဂန္တုရဟန်းတို့ သီတင်းသုံးရာ ဥမင် လိုဏ်ခေါင်းကြီး ၏ အဝ၌ ပိတ်ဆို့ နေလေ သည်။

ကျောင်းနေ ရဟန်းတို့သည် ထို အခြင်းအရာကို မြင်သော အခါ အနီး အနားရှိ ရွာပေါင်း ခုနှစ်ရွာတို့မှ လူများကို စုခေါ်ကာ ကျောက်တုံးကြီးကို နည်းအမျိုးမျိုးဖြင့် ဖယ်ရှား ကြပါ သော်လည်း ကျောက် တုံးကြီးမှာ အနည်းငယ်မျှ မရွေ့ပေ။

ဥမင် လိုဏ်ခေါင်း အတွင်းရှိ အာဂန္တု ဧည့်သည် ရဟန်း တို့ကလည်း အကြံ မျိုးစုံ ထုတ်ကာ ကြိုးစား ပါသော်လည်း ကျောက်တုံးကြီးမှာ ဆံမျှင် တစ်မျှင် မျှပင် မရွေ့ချေ။

ဤသို့ဖြင့် အာဂန္တုရဟန်းတို့သည် ဥမင် လိုဏ်ခေါင်းကြီး အတွင်း၌ ခုနှစ်ရက် ပတ်လုံး အစာငတ်၊ ရေငတ်ဖြင့် နေကြ ရလေသည်။

ခုနှစ်ရက် မြောက်သော နေ့တွင်ကား ကျောက်တုံးကြီးသည် အလိုလို ဘေးသို့ လိမ့်ကျသွားရာ ထိုအခါ မှသာ လိုဏ်အတွင်းမှ အာဂန္တုရဟန်းများ ထွက်လာနိုင်လေတော့သည်။

ရဟန်းတို့သည် “ဤ အခြင်း အရာကား ထူးခြား ဆန်းကြယ်လှပေစွ။ ငါတို့ ပြုခဲ့သော အတိတ်ကံတစ်ခုခု ရှိပေလိမ့်မည်။

ငါတို့၏ အတိတ်က ကံဟောင်းကို မြတ်စွာဘုရားရှင်မှလွဲ၍ အခြားပုဂ္ဂိုလ်တို့အား သိမြင်ခြင်းငှါ မစွမ်းနိုင်။

မြတ်စွာဘုရားရှင်ထံရောက်သော် ဤအကြောင်းအရာကို အစုံအလင် မေးလျှောက် ကြကုန်စို့”ဟု တိုင်ပင် ကာ ဘုရားရှင် ရှိရာ ဇေတဝန်ကျောင်းတော်သို့ ရှေးရှုသွားကြလေတော့သည်။

ရဟန်း(၇)ပါး၏ အတိတ်ကံ

ဇေတဝန်ကျောင်းတော်သို့ ရောက်သော် ရဟန်းတို့သည် ဘုရားရှင်အား ရိုသေစွာ ရှိခိုးကြပြီးလျှင် လမ်းခုလတ်ရှိ တည်းခို ခဲ့သော ကျောင်း၌ ကျောင်းတုံးကြီးပိတ်မိနေခဲ့ပုံကို အစုံအလင် လျှောက်တင် ကြလေသည်။ ရဟန်း ခုနှစ်ပါးတို့၏ အတိတ်က ကံဟောင်းကို မြတ်စွာဘုရားရှင်က ဤသို့ မိန့်ကြား တော်မူလေသည်။

လွန်လေပြီးသော အတိတ်ဘဝတစ်ခု၌ ဗာရာဏသီပြည်ဝယ် နွားကျောင်းသားခုနှစ်ယောက်တို့ ရှိကြ ကုန်၏။

တစ်နေ့ သော အခါ ထိုနွား ကျောင်းသား တို့သည် နေဝင်မိုးချုပ်၍ နွားတို့ကို စိစစ် ရေတွက် ပြီး ပြန်မည်ပြုစဉ် တောင်ပို့တစ်ခုအတွင်း ဝင်သွားသော ဖွတ်ကြီး တစ် ကောင်ကို မြင်ရာ…..

ထိုနေ့တွင် ဖွတ် ဖမ်းချိန် မရှိတော့ သောကြောင့် တောင်ပို့ကြီး၌ ရှိသော အပေါက် ခုနှစ်ပေါက် တို့ကို နွားကျောင်းသား ခုနှစ် ယောက်တို့သည် သစ်ခက်တို့ကို ချိုးကာ ပိတ်ဆို့ ထားခဲ့ ကြ လေသည်။

နောက် တစ်နေ့ ရောက်သော် ယမန် နေ့က တောင်ပို့၌ ဖွတ်ကြီးကို ပိတ်ဆို့ ထားခဲ့ သည်ကို မေ့ပြီး တခြား စားကျက် တစ်ခုသို့ ပြောင်း၍ နွားကျောင်း ကြ လေရာ ခုနှစ်ရက်လုံးလုံး ထိုတောင်ပို့ရှိရာ စားကျက်သို့ လာ မကျောင်း ဖြစ်ပေ။

ခုနှစ်ရက် မြောက်သော နေ့တွင်ကား တောင်ပို့ကြီးကို ပိတ်ဆို့ထား ခဲ့သည်ကို သတိရပြီး နွားလာ ကျောင်းကြရင်း ပိတ်ဆို့ ထားသော သစ်ခက် တို့ကို ဖွင့်လှစ် ကြည့်ကြရာ ခဏ အကြာတွင် အားအင် ချိနဲ့ပြီး အရိုး အပြိုင်းပြိုင်း ထသော ကိုယ်ဖြင့် ဖွတ်ကြီးသည် ထွက်လာ လေတော့ သည်။

ပိန်ချုံးနေသော ဖွတ်ကြီးကို မြင်သော် နွားကျောင်း သားလေး ခုနှစ်ယောက်တို့သည် သနား စိတ်များ ဝင်လာ သောကြောင့် မသတ်ဘဲ အသက်ဘေးမှ ချမ်းသာ ပေးလိုက် လေသည်။

ဖွတ်ကြီးကို မ သတ် ဘဲ လွှတ်ပေး လိုက်သည့် အတွက် ကြောင့် နွားကျောင်းသားလေး ခုနှစ်ယောက်သည် ငရဲသို့ မ ကျ ရောက် ရ သော်လည်း ခုနှစ်ရက် လုံးလုံး အစာငတ်၊ ရေငတ်ခြင်း တည်းဟူသော တူသော အကျိုးကို တစ်ဆယ့် လေး ဘဝ လုံးလုံး ပြန်လည် ပေးဆပ် လိုက်ရ ပါသည်။

အတိတ် ဘဝက နွားကျောင်း သားလေး ခုနှစ်ယောက်တို့သည် ယခု ဘဝဝယ် အာဂန္တု ရဟန်း ခုနှစ်ပါး တို့ဖြစ်လာ ကြလေသည်။

ဖွတ်ကြီးကို အသက် သေအောင် မသတ် ခဲ့သည့် အတွက် ကြောင့် ရဟန်းတို့လည်း လိုဏ်ဂူ အတွင်း မသေခဲ့ရပေ။ သို့သော် ခုနှစ်ရက် လုံးလုံး အစာငတ်၊ ရေငတ်ခြင်း ကိုကား ကောင်းကောင်း ခံလိုက် ကြရ ပေသည်။

သုံးသပ်ချက်

အကုသိုလ် ဟူသည် ပြုစဉ် အခါက သတိ မမူမိဘဲ အနည်းငယ် မျှ ပြုခဲ့မိ သော်လည်း ပြန်လည် ပေးဆပ် ရသည့် အခါတွင် လုံးလုံးခဲခဲ ပြန်လည် ပေးဆပ် ရပေသည်။

တောင်ပို့ အတွင်း ဝင် သွား သော ဖွတ်ကြီးကို ရလိုဇောဖြင့် သစ်ခက် ကလေး တစ်ကိုင်းမျှ ချိုးကာ ပိတ်ခဲ့ ရသော မကောင်းမှု ကံ က လေးသည် စဉ်းစားကြည့်လျှင် မည်သို့မျှ မကြီးမားပေ။

ပြန်လည်ပေးဆပ်ရသောအခါတွင်ကား တစ်ဆယ့်လေးဘဝတိုင်တိုင် အစာရေစာငတ်ပြတ်ခြင်းကို ခုနှစ်ရက်လုံးလုံး ဘဝတိုင်း ပေးဆပ်ခဲ့ရလေသည်။ အကုသိုလ်ဟူသည် လွန်စွာ ကြောက် စရာ ကောင်းလှ ပေသည်။

ယနေ့ခေတ် လူသတ် လက်နက်ဟု နာမည်ကြီး နေသော အနုမြူ ဗုံးကလေး များသည် သေးသေး လေးသာ ဖြစ်သော်လည်း လူအများကို သေစေနိုင် သည့်အတွက် လွန်စွာ ကြောက်စရာ ကောင်း ပေသည်။

အကုသိုလ် ဟူသော တရား သည်ကား ထို အနုမြူ ဗုံးထက်ပင် အဆ တစ်ရာ ပို၍ ကြောက် စရာ ကောင်းလှ ပေသည်။

သတ္တဝါ တို့၏ သန္တာန်၌ ကံဟောင်း တို့သည် ရှိကြ မြဲဖြစ်သည်။

ထို ကံဟောင်းများ တွင် အကုသိုလ် ကံ ဟောင်းများ ပါလာပါက အကျွန်ုပ်တို့ လည်း သတ္တဝါများ ဖြစ်သည့် အလျောက် မကျေ သေးလျှင် ပြန်လည် ပေးဆပ် ရပေ လိမ့်ဦးမည်။

တစ်ချို့သူများမှာတော့ ယခုဘဝ၌ပင် အကုသိုလ် တရားများကို ဆက်လက် လုပ်ဆောင်နေ ကြသည်ကို တွေ့ကြ ရပါသည်။

ထိုသူများအတွက်ကား အကုသိုလ်ကံဟောင်းရော အကုသိုလ်ကံအသစ်ပါ အကျိုး ပေးတော့ ပေမည် ဖြစ်ရာ ထို သူများ၏ အနာဂတ် အတွက် လွန်စွာ ရင်လေး ဖွယ်ပင် ဖြစ်ပေသည်။

ကံ တရား တို့၏ အကျိုးပေး ပြောမယုံဆန်းကြယ်ပုံကား ကြုံဖူးမှသိ ဆိုသကဲ့သို့ ဤဝတ္ထု ဒေသနာ တော်ကို ဖတ်ဖူး ပြီးမှ အကုသိုလ် တရားတို့၏ ရက်ရက်စက်စက် အကျိုးပေးဆန်းကြယ်ပုံကို မျက်မြင် ဒိဋ္ဌ မြင်တွေ့ ရပါသည်ဟူ သော သင်ခန်းစာ များကို ရရှိ ပါသည်။

မောင်ခေမိန်(မကွေး)

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *