ကျောက်မီးသွေးတွင်းထဲ နစ်မြုပ်သွားသော အနာဂတ်များ

By / 7 days ago / Local News / No Comments
ကျောက်မီးသွေးတွင်းထဲ နစ်မြုပ်သွားသော အနာဂတ်များ

ကျောက်မီးသွေးတွင်းထဲ နစ်မြုပ်သွားသော အနာဂတ်များ

လူတစ်ရပ်ခန့်ရှိသည့် လိုဏ်ခေါင်းသဏ္ဌာန် အခေါင်းပေါက်ဝ ဝန်းကျင်တွင် လူအများစုဝေးကာ ကြည့်ရှုနေကြသည်။ ဂူထဲမှ တစ်စုံတစ်ရာ ထွက်ပေါ်လာတော့မည်လားဟု ရင်တမမနှင့် ကြည့်ရှုနေကြခြင်းဖြစ်သည်။ အမျိုးသမီးတချို့ဆိုလျှင် ထိုင်မရ၊ ထမရ ဖြစ်နေရုံသာမက စိတ်လှုပ်ရှားလာ၍ မျက်ရည်များပင် ဝဲတက်လာကြသည်။ ထိုအခင်းဖြစ်နေရာနှင့် အတန်ငယ်ဝေးသည့် ကျောက်ထောင်ရွာလေးရှိ အိမ်ကလေးတစ်လုံးထဲတွင်တော့ ဒေါ်သောင်းရင်ဟု အမည်ရသည့် အမျိုးသမီးကြီး တစ်ဦးမှာ သတင်းစကားတစ်ခု ကို နားစွင့်ရင်း စိတ်တွေ ယောက်ယက်ခတ်နေခဲ့ပါသည်။ ဘုရားစာတွေရွတ်ရတာလည်း မနည်းလှ တော့။ ဒေါ်သောင်းရင် ရင်တစ်ခု လုံးလည်း မီးဖြင့် မြှိုက်ထားသလို ပူလောင်နေလေပြီ။

ဩဂုတ် ၂၅ ရက် ညနေက မကွေးတိုင်းဒေသကြီး မင်းလှမြို့ နယ် ဆပ်ပြာကျေးရွာအနီးတွင်ရှိ သည့် ကျောက်မီးသွေးတွင်း မြေ ပြိုကျမှုကြောင့် လူလေးဦး ပိတ်မိ ခဲ့ရာ ထိုလေးဦးထဲတွင် အသက် (၁၉)နှစ်ပင် မပြည့်သေးသည့် ဒေါ်သောင်းရင်၏ သားအငယ်ဆုံး လေး မောင်စိုးအောင်လည်း ပါ သွားခဲ့လေသည်။ ထို့ကြောင့် ဒေါ်သောင်းရင်မှာ သားကလေး ကျောက်မီးသွေးတွင်းထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ ဆုတွေ တောင်းနေရခြင်းပင်ဖြစ် သည်။

သားလေး အန္တရာယ်ကြုံမှ ပြောတာမဟုတ်။ ဒေါ်သောင်းရင် ရင်ထဲ လှိုက်လှိုက်လှဲလှဲ အသိ အမှတ်ပြုနေသည်က ဒီသားလေး သည် တကယ့်ကို သားလိမ္မာလေးတစ်ယောက် ဖြစ်သည်။ ဒေါ်သောင်းရင်မှာ သားသုံး ယောက်၊ သမီးနှစ်ယောက် မွေး ထားသည့်အနက် ဒီကလေးက အငယ်ဆုံးလေးဖြစ်သည်။ အကြီး တွေ အသီးသီးအိမ်ထောင်ကျပြီး သူတစ်ယောက်သာ မိဘနဲ့အတူ နေ၊ မိဘကို လုပ်ကျွေးနေတာဖြစ် သည်။ အငယ်ဆုံးလေးလည်းဖြစ်၊ နာမည်လေးလည်း အဖျားဆွတ် ခေါ်သည့်အနေနှင့် ဒေါ်သောင်း ရင်က သားလေးကို ‘ငယ်စိုး’ဟု ခေါ်သည်။

သားကလေးမှာ မွေးက တည်းက ညာဘက်မျက်လုံးတစ် လုံး အမြင်အာရုံချို့ယွင်းခဲ့ရှာ သော်လည်း မိဘအပေါ်မှာတော့ မိရောဖကိုပါ စုံလုံးပြည့် ဂရုစိုက် တတ်သူဖြစ်သည်။ ကလေးဘဝ ကကျွတ်လို့ အသက် (၁၆)၊ (၁၇) အရွယ်ကတည်းက ရရာအလုပ် လုပ်ကာ မိဘကို ရှာကျွေးခဲ့သည်။ အရွယ်လေးနှင့် မလိုက်သည့် လမ်းခင်း၊ ကတ္တရာစေးလောင်း စသည့်အလုပ်တွေကိုပါ ဝင်လုပ် ကာ မိသားစုစားဝတ်နေရေး ပြေ လည်အောင် ဖန်တီးပေးသည်။

ထိုအလုပ်တွေက ဝင်ငွေ သိပ်မကောင်းလှသဖြင့် သူတို့ နယ်ဘက်က ကျောက်မီးသွေး တွင်းအလုပ်ကိုပါ ဝင်လုပ်သည်။ ပထမတော့ သူက တွင်းထဲထိ မဆင်းရဘဲ အပေါ်မှာတင်လုပ် သည်။ နောက်တော့ တွင်းထဲဆင်း တာ ငွေပိုရ၍ သူတွင်းထဲထိဆင်း လုပ်သည်။ တဖြည်းဖြည်းချင်း အောက်ကိုစောင်းဆင်းသွားသည့် ကျောက်မီးသွေးတွင်းကြီးမှာ ပေ ၃၀၀ ခန့်ရှည်သည်။

ဂန်းလည်းထိုးရ တွင်းထဲ လည်းဖြစ်တာမို့ သားလေးတို့ အ သက်ရှူတော့မဝ။ သို့သော် ဝင်ငွေမှာ တခြားအလုပ်ထက်စာလျှင် မဆိုးလှသဖြင့် သားလေး သည်းခံ လုပ်ရှာသည်။ ငွေရှင်းလာပြီဆို မအေ့ဆီ အပြေးအလွှားလာအပ် သည်။ သူ့အတွက် ချန်မထား။ လိုတာရှိမှ မအေကြီးဆီကနေ မျက်နှာလေးငယ်ငယ်ဖြင့် ပြန် တောင်းသုံးသည်။ သူပြန်တောင်း တာကလည်း ကြည့်ဦး။ အမေရေ ကွမ်းဖိုးလေး ၅၀၀ လောက်၊ အမေရေ ဖုန်းဘီလ်လေးထည့်ချင်လို့ ၂,၀၀၀ လောက် စသဖြင့် တိုတို ထွာထွာလေးတွေသာ တောင်း သုံးရှာတာဖြစ်သည်။

အဝတ်အစားဆိုလည်း ထို နည်းတူပင်။ ကိုယ့်ဟာကိုယ် ဘယ်တော့မှ ဝယ်မဝတ်၊ ဝယ်လည်း မခိုင်း။ မအေကြီး တစ်ခါတစ်ရံ ဈေးကဝယ်လာသည့် အင်္ကျီလေး တွေသာ ဝတ်ရှာသည်။ ရွယ်တူ တွေဝတ်သည့် Supreme လည်း မတောင်းဆိုတတ်။ အဝတ်အစား မမက်တော့ အလုပ်ပင်ပန်း၍ အသောက်အစားလေး ဖက်မည် လား ထင်နိုင်ပါသည်။ ဝေးပါသေး သည်။ တကယ့်ကို ရိုးရှာသူဖြစ်သည်။ ဒါကြောင့် ဒီအမေက ဒီ သားကို ခင်တွယ်ရခြင်းဖြစ်သည်။

သားလေးက အားနေလျှင် ရွာကဘုန်းကြီးကျောင်းမှာ သွား ပြီး ဘုန်းကြီးဝေယျာဝစ္စလုပ်ပေး နေရတာကို ပျော်တတ်သည်။ ဆွမ်းခံ၊ ဆွမ်းကပ်၊ ဘုန်းဘုန်းသွား လိုရာလိုက်ပို့ခြင်းဖြင့် သူကုသိုလ် ယူလေ့ရှိသည်။ စိတ်သဘောထား လည်း ကောင်းလှသူဖြစ်သဖြင့် ရွာထဲမှာ ချစ်သူခင်သူ အတော် များသည်။ မိဘကို သူ့ချွေးနှဲစာ ဖြင့် ကျွေးထားနိုင်ခြင်းကိုလည်း အင်မတန်ဂုဏ်ယူကာ ပျော်နေ လေ့ရှိသည်။

သားလေးမှာ တစ်ခုတော့ ရည်ရွယ်ထားတာရှိသည်။ သက် ငယ်နှင့် သွပ်အနည်းငယ် စပ်ကာ မိုးထားသော သူတို့၏ ယိုင်နဲ့နဲ့ အိမ်ကလေးကို တစ်ခန်းတိုးပြီး ပြင်ချင်တာဖြစ်သည်။ အဖေနဲ့ အမေ ကျယ်ကျယ်လွင့်လွင့်နေနိုင် အောင်၊ အိမ်ထောင်ကျပြီး အစ်ကိုအစ်မတွေနှင့် တူ၊ တူမများ စိတ် လက်ချမ်းသာစွာ နားနေနိုင် အောင်ဖြစ်သည်။ ဒီသီတင်းကျွတ် လောက်မှာ အိမ်ကလေးပြင်နိုင်ဖို့ ငွေစုနေတာဖြစ်သည်။ဒါတင်မကသေး။ သူတို့ရွာ မှာ ငါးနှစ်တစ်ကြိမ်လောက်လုပ် ဖြစ်သည့် စုပေါင်းရှင်ပြုရဟန်းခံ အလှူပွဲမှာ တူတွေကို ရှင်ပြုပေး ပြီး အလှူပါဝင်ချင်တာဖြစ်လေ သည်။ မိသားစုစားဝတ်နေရေးအ ပြင် မိသားစုနှင့် ပတ်သက်သည့် ရည်ရွယ်ထားတာတွေကြောင့် သားလေးမှာ အလုပ်ကို ကြိုးကြိုး စားစား လုပ်ခဲ့သည်။ သို့သော် ကံကြမ္မာသည် ထူးဆန်းဖို့တော့ ကောင်းလှသည်။ သည်လောက် လိမ္မာရေးခြားရှိသူ သားလေးမှ အဖြစ်ဆိုးတစ်ခု ဆိုက်ဆိုက်မြိုက် မြိုက်ကြုံရလေသည်။ သားလေး တို့ဆင်းသည့် ကျောက်မီးသွေး တွင်း ပြိုကျသည်တဲ့။

ဒေါ်သောင်းရင် ရင်ထဲတစ် ဆို့သွားခဲ့သည်။ ဩဂုတ် ၂၅ ရက် ညနေက သားလေးတို့ဆင်းနေ သည့် ကျောက်မီးသွေးတွင်းထဲ မိုးတွေ တအားရွာလာ၍ ရေတွေ ဝင်လာပြီး မြေတွေပြိုကာ သား လေးတို့တစ်တွေ ပိတ်မိသွားခဲ့သည်တဲ့။ သားလေးတစ်ယောက် တည်းမဟုတ်။ မင်းလှနယ်ထဲက ပဲ အသက် (၁၆)နှစ်သာရှိသေး သည့် မောင်အောင်ချမ်းသာ၊ အမ်း မြို့နယ် လှကာရရွာက လာလုပ်သည့် အသက် (၂၈)နှစ်အရွယ် မောင်ပိုင်စိုးဝင်း၊ ဒေါ်သောင်းရင် တို့ ကျောက်ထောင်ရွာထဲကပဲ အသက်(၂၀)သာ ရှိသေးသည့်တူလို၊ သားလို ခင်တွယ်ရသည့် မောင်နိုင်ထက်ဦး စုစုပေါင်း သား လေးအပါအဝင် လေးဦး ပိတ်မိ သွားခဲ့လေသည်။

နိုင်ထက်ဦးလေးမှာ မိန်းမရ တာ ခြောက်လပင်မပြည့်သေး။ မိဘတွေအိမ်ဝိုင်းထဲ တဲသာသာ အိမ်ကလေးထိုးကာ နေရသဖြင့် အိမ်ဝိုင်းကလေး ဝယ်နိုင်အောင် ကြိုးစားနေတာဖြစ်သည်။ တခြား ကလေး နှစ်ယောက်မှာလည်း ဒေါ်သောင်းရင် သားလေးလို ရည် မှန်းချက်တွေ၊ ရည်ရွယ်ထားတာ တွေ ရှိနေပါလိမ့်မည်။ ရည်မှန်း ချက်ကိုယ်စီဖြင့် ကျောက်မီးသွေး တွင်းထဲ ပိတ်မိနေသော လူငယ် လေးဦးအတွက် တွင်းဝကနေ ရင်တွေ တဒိန်းဒိန်းခုန်ပြီး စောင့် နေခဲ့ကြသည်။

ဒေါ်သောင်းရင်တို့မှာ အိမ် ကနေ သတင်းကို ရင်တမမဖြင့် စောင့်စားနေရင်း ဩဂုတ် ၂၆ ရက်မှာတော့ သတင်းဆိုးတစ်ခု အိမ်ဝ ရောက်လာခဲ့သည်။ သားလေးနှင့် ပိုင်စိုးဝင်းတို့ ရုပ်အလောင်း ဆယ် ယူနိုင်ခဲ့ပြီတဲ့။ ရုပ်အလောင်းဆို မှတော့ သားလေး အသက်မပါ တော့ဘူးဟု သိလိုက်ရတော့ ဒေါ်သောင်းရင် အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့ရလေသည်။

ထိုညမှာ ဒေါ်သောင်းရင်တို့ အထူးအဆန်းတစ်ခုနှင့် ကြုံရလေ သည်။ စိတ်စွဲလမ်းမှုကြောင့်လား၊ စိတ်ထိခိုက်လွန်းနေ၍လား (သို့ မဟုတ်) တခြားနားမလည်နိုင် သည့် စိတ်နယ်လွန်ဖြစ်ရပ်များ ကြောင့်လားမသိ။ ဒေါ်သောင်းရင် ၏ သမီးထံ သားလေး မောင်စိုး အောင် ဝင်ပူးပါလေသည်။ သူရေ တွေမွန်းတဲ့အကြောင်း၊ ရေလည်းအင်မတန်ဆာတဲ့ အကြောင်းတွေ ပြောပြပြီး ရေတောင်းသောက် သည်။ သားလေးဝင်ပူးသည်ဟုဆို ၍ ရွာထဲက လူကြီး၊ လူငယ် အ ကုန်လာကြည့်ကြသည်။ သား လေးက သူတွင်းထဲမှာ ကြုံရတာ တွေ ပြောရင်း ငိုသည်။

ဒေါ်သောင်းရင်တို့တစ်တွေ လိုက်ငိုရသည်။ လာကြည့်သည့် ရွာသူ၊ ရွာသားတွေလည်း ငိုကြ သည်။ သားလေးက ‘‘အမေရာ သား အမေတို့ဖို့ ဆန်အိတ်သုံး အိတ်ပဲ ဝယ်ပေးခဲ့နိုင်တယ်ဗျာ။ သား အမေတို့ကို လုပ်မကျွေးနိုင် တော့ဘူး အမေရ။ ဟီး… ’’ဟုဆို ကာ ငိုပြန်လေသည်။ ဟုတ်သည်။သူတို့ထိုင်နေသည့် ကွပ်ပျစ်ထိပ် နားမှာ ဆန်အိတ်သုံးအိတ်အထပ် လိုက်။ ပြီးနောက် အစ်ကို၊ အစ်မ တွေဘက် တစ်ချက်လှည့်ပြီး ‘‘အစ်မတို့၊ အစ်ကိုတို့။ အဖေတို့၊ အမေတို့ကို အငတ်မထားပါနဲ့ ဗျာ။ လုပ်ကျွေးပါဗျာ။ ကျွန်တော် တောင်းပန်ပါတယ်’’ဟု ပြောရင်း မျက်ရည်တွေ ကျလေသည်။

သားလေးက သူ့ရည်မှန်းထားတာတွေပြည့်ခဲ့လျှင် ကျောက်မီးသွေးတွင်းမှာ ဆက်မလုပ်ချင်တော့တဲ့အကြောင်း မိဘတွေကို ပြောပြဖူးသည်။ သူ တရုတ်ပြည် ဖြစ်ဖြစ်၊ အလုပ်သွားလုပ်ကာ မိဘကို ဒီထက် ကောင်းကောင်းမွန်မွန် ထားနိုင်အောင် ကြိုးစားမည့် အကြောင်းတွေလည်း ပြောပြခဲ့ဖူးသည်။ အခုတော့ သူ့ရည်မှန်းချက်တွေ၊ သူ့အနာဂတ်တွေ အားလုံး သည်ကျောက်မီးသွေး တွင်းထဲမှာ စုံးစုံးမြုပ်ခဲ့ရလေ သည်။

ဒေါ်သောင်းရင် ခြံဝင်းထဲမှာ သားတွေ၊ မြေးတွေ စုံနေခဲ့ပါပြီ။ ဆွေတွေ၊ မျိုးတွေ တရုန်းရုန်းနှင့် နေရတာကို ပျော်တတ်သော မောင်စိုးအောင်တစ်ယောက်၊ သူ့ နာရေးကြောင့် မိသားစုတွေ စုံရပါလေပြီ။ သူကိုယ်တိုင်ကတော့ ဘဝခန္ဓာတစ်ခုကို ချွတ်ချကာ မပြည့် ခဲ့သည့် သူ့ဆုတောင်းတွေကို ပွေ့ ပိုက်ရင်း ထွက်ခွာသွားခဲ့ပါလေ သည်။ ။

(ဓာတ်ပုံ − မြင့်ဇော်ဦး) Credit- 7Day

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *